မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈ ။ ။ တံတားအမည် ပြောင်းလဲရန် ရှိနေသည့် မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာရောက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်ခင်ထွေးမြင့်က ပြောကြားသည်။

“ဒီချောင်းဆုံ တံတားကြီးကို ဒေါ်အောင်ဆန်းစုကြည် လာဖွင့်ဖို့ရှိတယ်၊ ချောင်းဆုံဒေသခံတွေ အရင်ဆုံး ပေးသိတာ ဖြစ်တယ်”ဟု ၎င်းက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည့် လာရောက်ရန် ရှိသည့်အတွက် ချောင်းဆုံမြို့နယ်ရှိ ဒေသခံများအနေဖြင့် လက်ဆောင်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုအေးဝင်းကို မဲထည့်ကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်လည်းဖြစ်ပြီး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်လည်းဖြစ်သည့် ဒေါ်နန်းခင်ထွေးမြင့်က ချောင်းဆုံမြို့နယ်၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လာရောက်စဉ် ဖေဖော်ဝါရီ ၁၈ ရက်က NLD ပါတီဝင်များအား ယင်းကဲ့သို့ ပြောကြားခဲ့သည်။

သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနားပြုလုပ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့တွင် သက်ဆိုင်ရာ ဌာနများကို ဖိတ်ကြားခဲ့ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်တပ်ခြင်းမပြုလုပ်ရန် နိုင်ငံရေးပါတီအချို့က မွန်ပြည်နယ်အစိုးရထံသို့ ကန့်ကွက်စာ တင်ခဲ့ခြင်းများလည်းရှိခဲ့သည်။

မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်မှ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာသို့ ဆက်သွယ်ထားသည့် အဆိုပါ တံတား စီမံကိန်းကို ၂၀၁၂ ခုနှစ်က အကြို လေ့လာရေးလမ်းကြောင်း ရွေးချယ်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်တည်ဆောက်ခဲ့ကာ တံတားအမျိုးအစားမှာ သံမဏိသံပေါင် ကုန်းတံတား အမျိုးအစားဖြစ်ဖြစ်သည်။

မော်လမြိုင်မြို့မှ ချောင်းဆုံမြို့နယ်သို့ ဆက်သွယ်ရန် တည်ဆောက်လျက်ရှိသော မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားကို ၂၀၁၇ ခုနှစ် မတ်လ၌ ဖွင့်လှစ်နိုင်ရန် လျာထားကြောင်း သံလွင်တံတား (ချောင်းဆုံ) တာဝန်ခံ ညွန်ကြားရေးမှူး ဦးသိန်းမြင့်မွန်က ပြောသည်။

ယင်းတံတားတည်ဆောက်ခြင်း စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၅၉၈၀ဝ သန်း လျာထားခဲ့ရာ တံတားတည်ဆောက်ရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၇၉၉၇ ဒသမ ၄၁ သန်းကို သုံးစွဲပြီးဖြစ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃၁၈၀၂ ဒသမ ၅၉ သန်းကို သုံးစွဲထားကြောင်း ၎င်းက ပြောသည်။

မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတား၏ အရှည်သည် ၅၂၀၃ ပေရှိပြီး၊ မုပွန်ဘက်ခြမ်း ချဉ်းကပ်တံတား အရှည် ၆၈၉ ပေ၊ ကညှော်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည် ၂၇၅၆ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဘက် ၃ ပေ ၃ လက်မရှိပြီး၊ ယင်းတံတားသည် မော်တော်ယာဉ်တစ်စီး အလေးချိန် ၇၅ တန်ထိ ခံနိုင်မည်ဖြစ်သည်။

Written by – ဇော်ထိုက်

Leave a Reply