မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၂ ။ ။ သံလွင်မြစ်ပေါ်ရှိ ရေကာတာ စီမံကိန်းများကြောင့် ဒေသခံများ ၏ လူ့ အခွင့်အရေးများ ချိုးဖောက်ခံရမှုများ နှင့် နိုင်ငံသားအခွင့်အရေးများ ဆုံးရူံးမှုများ ရှိ ကြောင်း သံလွင်မြစ် ရေကာတာထိန်းသိမ်းရေးကွန်ယက်မှ ဖေဖော်ဝါ ရီ ၂၂ရက်နေ့ တွင် သဘောထားထုတ်ပြန်လိုက်ကြောင်း ယင်းကွန်ယက်ဝင် စောသာဘိုး ကပြောကြားသည်။

“မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းနေရာမှာ ဒေသခံတွေက သွားလာလို့ မရတဲ့ အနေအထား ရှိတယ် ဒီဒေသ တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအများကြီး ရှိတယ်။ အဲ့ဒီလက်နက်ကိုင် အဖွဲ့တွေမှာ အချိ်ု့ ကျတော့ ကုမ္ပဏီတွေကို လုံခြုံရေးပေးဖို့အတွက် လူထုတွေက တောထဲမှာ ထင်းသွားခုတ်တာ ငါးသွားဖမ်းတာ တစ်ဝက်ခွဲပေးရတဲ့ အနေအထားတွေရှိတယ်။ ပြီးတော့ ကန့်သတ်နယ်မြေ လုံးဝမဝင်ရ၊ မသွားရ စသည်ဖြင့် တားမြစ်ပိတ်ပင်ထားတာ ရှိတယ်” ဟု သံလွင်မြစ် ထိန်းသိမ်း ကာကွယ်ရေး ကွန်ယက်မှ စောသာဘိုးက ပြောကြားသည်။

ထို့ကြောင့် တပ်မတော်က ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ရမယ့်အစား ရင်းနှီးမြှုပ်နှံသူတွေ ကို ကာကွယ်ပေးနေသလို ဖြစ်နေသည့်အတွက်ကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာဖြစ်ကြောင်း သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး ကွန်ယက် အဖွဲ့ဝင် စောသာဘိုး ကပြောသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီများ လုပ်ပိုင်ခွင့် ရရှိထားသည့် ရေကာတာစီမံကိန်း ၂၉ ခုရှိသည့် အနက် ၁၈ ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဖေဖော်ဝါရီ ၂ရက်နေ့တွင် အစိုးနှင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ သဘောတူညီမှု စာချုပ် (MOU) ချုပ်ဆိုခဲ့ကြောင်း သံလွင်မြစ်ရေကာတာထိန်းသိမ်းရေးကွန်
ယက် မှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများ အနက် အရှေ့တောင်အာရှတွင် အကြီးမားဆုံး စီမံကိန်းဖြစ်သော ရှမ်းပြည်အရှေ့ပိုင်းတွင် ရှိသော မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်း၊ကရင်နီ၊ ကရင် နှင့် မွန်ပြည်နယ်တို့တွင် နေထိုင်ကြသော ဒေသခံတို့၏ အသက်အိုးအိမ်စည်းစိမ် များကို ခြိမ်းခြောက်လျှက်ရှိ ကြောင်း သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

Leave a Reply