သံလွင်မြစ်ရေ ထပ်မံမြင့်တက်၊ ရေဘေးသင့်သူ ၈၀၀၀ နီးပါး အိမ်မပြန်နိုင်သေး

ဘားအံ စက်တင်ဘာ

ဘားအံမြို့မှာ သံလွင်မြစ်ရေသည် ယခု သီတင်းပတ်နှစ်ပတ်အတွင်း တဖြည်းဖြည်းပြန်လည်ကျဆင်းခဲ့ရာမှ စက်တင်ဘာ၅ ရက် ညနေပိုင်းတွင် ရေမှတ် ၈၉၁ စင်တီမီတာထိ  ပြန်လည်မြင့်တက်လာကာ ၂၀၁၈ အတွင်း လေးကြိမ်မြောက်ဖြစ် ရေကြီးရေလျှံခဲ့ကြောင်း သိရသည်။

အဆိုပါမြစ်ရေမှာ ဇူလိုင်လ တတိယပတ်မှစ၍ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက်ကျော်လွန်ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၅၃ နှစ် အတွင်း စံချိန်တင်မြစ်ရေအခြေအနေသို့ ဇူလိုင်လ ၃၀ ရက်နေ့က ၉၃၈ စင်တီမီတာ (၆ ပေခန့်) ကျော်လွန်ရောက်ရှိခဲ့ကြောင်း မိုးဇလဌာန နေ့စဉ်ထုတ်ပြန်ချက်များအရ သိရသည်။

ဘားအံမြို့အပါအဝင် ဘားအံခရိုင်အတွင်း ရပ်ကွက် ကျေးရွာအတော်များများ၌  ရက်ရှည်လချီ ရေကြီးရေလျှံနေသဖြင့် ဒေသခံများအဖို့ စားသောက်နေထိုင်မှု၊ ကျန်းမာရေး၊ လူမှုရေးအပြင် ကျောင်းနေအရွယ်တို့ ပညာရေးတွင်ပါ အခက်အခဲကြုံနေကြောင်း ဒေသခံများထံမှ သိရသည်။

ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ ခု ကျန်ရှိနေကြောင်း၊ အိမ်ထောင်စု ၁၅၃၅ စု၊ လူဦးရေ ကျား ၃၉၆၈ ဦး၊ မ ၃၉၀၈ စုစုပေါင်း ၇၈၇၆ ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ၊ အချို့စခန်းများ ဖွင့်လှစ်ထားသည်မှာ ၄၅ ရက်၊ တစ်လခွဲခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရက စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။

အောင်သံလွင် အားကစားရုံရှိ ရေဘေးရှောင်စခန်းတွင် လူဦးရေ ပိုမိုများပြားလာခြင်းကြောင့် ကျန်းမာရေး အရ စိုးရိမ်မှုများ ရှိလာကြောင်း ဇူလိုင်လမှစ၍ ရေဘေးရှောင်စခန်းသို့ ရက်ရှည်လ ချီ ရောက်ရှိနေသည့် အမှတ်(၁) ရပ်ကွက် အင်းပြည့်လမ်းနေ မမိသဲမိုးက ဟင်္သာမီဒီယာကို ပြောသည်။

“ခုချိန်မှာတော့ ကိုယ့်စီးပွားရေးကို ပြန်ထူထောင်ဖို့ဆိုတာ သိပ်မလွယ်နိုင်သေးဘူး ။ အခက်အခဲတွေ အများကြီးရှိတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိရေဘေးကယ်ဆယ်ရေးစခန်းများတွင် ပြည်သူ့ဆေးရုံမှ ဆရာဝန်များ၊ တပ်မတော်ဆရာဝန်များ စောင့်ရှောက်နေသလို ပြည်နယ် အစိုးရအဖွဲ့မှလည်း ထောက်ပံ့မှုများ ပေးနေကြောင်း အေဆံပရဟိတ၊ အေဆံဗလီကျောင်း၊ ရွှေရင်မျော် ရေဘေးကယ်ဆယ်ရေးစခန်း ၃ခု၏ တာဝန်ခံ ဘားအံ အမှတ်၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ကပြောသည်။

ကာလတာရှည်လာသည်နှင့်အမျှ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် နေထိုင်စားသောက်မှု၊ သောက်သုံးရေ၊ ကျန်းမာရေးကိစ္စရပ်များနှင့် လူမှုရေးပြဿနာများအတွက် ကျပ်တည်းသည့် အခြေအနေတွင်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ထောက်ပံ့ကူညီဖြေရှင်းပေးလျက်ရှိကာ ရေကျသွားပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို များစွာစီမံဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရ၏  စက်တင်ဘာ ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စောအယ်လ်ဒီး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.