မော်လမြိုင် အောက်တိုဘာ

သံလွင်မြစ်အတွင်း ကျောက်တန်းကျွန်းအနီးတွင် အောက်တိုဘာ ၁၀ ရက်ညက ဆေးဖျန်း၍ ပုစွန်ဖမ်းသည့် အောင်သူ အပါအဝင် လေးဦးအဖွဲ့နှင့် ဝင်းဘိုအပါအဝင် ၇ ဦးအဖွဲ့တို့ အုပ်စုလိုက် အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

လေးဦးအဖွဲ့မှ တစ်ဦးသေဆုံး၊ နှစ်ဦးပျောက်ဆုံးနေကာ ကျန်တစ်ဦး လွတ်မြောက်ခဲ့ကြောင်း၊ ချောင်းဆုံမြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။ ၇ ဦးအဖွဲ့မှ သုံးဦးဖမ်းမိကာ လေးဦး ဖမ်းမမိသေးကြောင်း သိရသည်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ အသက် ၅၀ ကျော်အရွယ် ဝင်းဘို ၊ ၎င်း၏ ညီဝမ်းကွဲ အောင်ကြီး(၃၀နှစ်)၎င်း၏ သား အသေးလေး(ခ) သားငယ်(၁၅နှစ်)ကို ဝင်းဘို၏ ဇနီး ဒေါ်သန်းသန်းနုက စည်းရုံးကာ သက်ဆိုင်ရာရဲစခန်းသို့ အောက်တိုဘာ ၁၄ ရက်တွင် လာရောက် အပ်နှံ အဖမ်းခံစေခဲ့ကြောင်း၊ အမှုကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မှုခင်းအကူဌာနစုမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၉ ရက်တွင် ဟင်္သာမီဒီယာသို့ ပြောသည်။

အခင်းဖြစ်ပွားသည့်ညက ချောင်းဆုံမြို့နယ် ကော့မုပွန်ကျေးရွာနေ အောင်သူ (၁၆ နှစ်) ၊ ကိုမောင်အေး (၂၈ နှစ်)နှင့် ဒလမြို့နယ်နေသူ ကိုမောင်ထွေး (၂၂ နှစ်)၊ ကိုညှပ်ကြီး (၂၈ နှစ်) တို့လေးဦးမှာ ဖော်ပြပါကျွန်းအနီး၌ ပုစွန်များအား ဆေးချဖမ်းနေစဉ် အမည်မသိ အမျိုးသားနှစ်ဦး လိုက်ပါလာသော စက်လှေတစ်စီး ရောက်ရှိလာကြောင်း၊ ဝါးချွန်ဖြင့် ၎င်းတို့လေးဦးကို ထိုးနှက်ခဲ့သဖြင့် ကိုမောင်ထွေးဆိုသူက လေးခွဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

ထိုသို့ ပြန်လည်ပစ်ခတ်သဖြင့် ယင်းစက်လှေမှာ ပြန်လည်ထွက်ခွာ မောင်းနှင်သွားကြောင်း၊ ၅ မိနစ်ခန့်အကြာ၌ စက်လှေ ၃ စီးဖြင့် ဝင်းဘိုနှင့်အဖွဲ့ ပြန်လည်ရောက်ရှိလာကြောင်း၊ ၎င်းတို့လေးဦး၏ စက်လှေကို ဝင်ရောက်တိုက်ကာ ဝါးလုံးများဖြင့် အပြန်အလှန် ရိုက်နှက်ခဲ့ကြကြောင်း အောင်သူက ရဲတပ်ဖွဲ့ထံ ထွက်ဆိုသည်ဟု သိရသည်။

အောင်သူမှာ ရေထဲပြုတ်ကျခဲ့ပြီး ငါးဖမ်းစက်လှေတစ်စင်းက ဆယ်ယူ၍ ကော့မုပွန်ကျေးရွာရှိ နေအိမ်သို့ ပြန်ပို့ပေးခဲ့ကြောင်း ချောင်းဆုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ စစ်ဆေးမေးမြန်းမှုအပေါ် ထွက်ဆိုချက်အရ သိရသည်။

အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီခန့်က သံလွင်မြစ် ကျောက်တန်းကျွန်းအနီး ရေလယ်တွင် အလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ဒဏ်ရာများရလျက် သေဆုံးနေသူမှာ အဆိုပါ ဖြစ်စဉ်တွင် ပါဝင်သည့် ကိုညှပ်ကြီးဆိုသူဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သို့ဖြစ်၍ မုပွန်နယ်မြေရဲစခန်း၌ (ပ) ၉၂၆/ ၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၁၁၄ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများ ထပ်မံ ဖမ်းဆီးရမိနိုင်ရေးနှင့် ပျောက်ဆုံးနေသူများ ပြန်လည်တွေ့ရှိရေး မွန်ပြည်နယ်ရဲတပ်ဖွဲ့က ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ခေတ်မင်း

Leave a Reply