မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မော်လမြိုင်မြို့၊ Ocean ဈေးဝယ်စင်တာ အနောက်ဘက်ရှိ သံလွင်ဥယျာဉ်ပန်းခြံ မြေနေရာကို စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ငှားရမ်းအသုံးပြုရန် မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။

“Ocean ရဲ့ နောက်ကျောဘက် အဲမှာ ခြုံတွေမြက်ပင်တွေနဲ့ ရှုပ်ပွနေတော့ အမြင်မတော်ဘူး၊ မီးရေး၊ ထင်းရေး စိုးရိမ်ရတယ်၊ လုံခြုံရေးအရ စိုးရိမ်ရတယ်၊ အဲဒါတွေကြောင့်မို့လို့ အဲဒါကို ရှင်းလင်းပြီးတော့ ကလေးငယ်တွေ ပျော်ရွှင်ရေးအတွက်ဆိုပြီးတော့ ပျော်ရွှင်ဖွယ်ရာ ကစားကွင်း အသေးတစ်ခုလုပ်ဖို့ အဆိုပြုတင်ပြလာတော့၊ မူအားဖြင့် သဘောတူထားတယ်”ဟု ၎င်းက ပြောဆိုသည်။

သံလွင်ဥယျာဉ်ပန်းခြံ မြေနေရာကို ယခင်အစိုးရလက်ထက်က ပြည်သူများကန့်ကွက်ခဲ့သည်မှာ အနည်းငယ်သာ ဖြစ်၍ Ocean Shopping Mall ကို ဆောက်လုပ်ခွင့်မြေနေရာ သုံးဧကကို ငှားရမ်းခွင့်ပြုခဲ့ကြောင်း အောင်ဆန်းကွန်ရက် နာယက ဒေါက်တာတင်စိုးက ဆိုသည်။

“အခုလက်ရှိကျတော့ ဒီနေရာကို ငှားမယ်၊ ရောင်းမယ်ဆိုပြီးတော့ အသံထွက်လာတော့ ကျွန်တော်တို့ မော်လမြိုင် မြို့သူမြို့သားတွေအနေနဲ့ အဲဒီအတွက်ကို သက်ဆိုင်ရာ စည်ပင်ဝန်ကြီးနဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ကို ကန့်ကွက်ကြောင်း သိအောင်လုပ်မယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ Ocean ဈေးဝယ်စင်တာ အနောက်ဘက်တွင် ကလေးငယ် ပျော်ရွှင်ဖွယ်ရာ ကစားကွင်းပြုလုပ်ရန် တင်ပြထားမှုကို လက်ခံထားသော်လည်း ယနေ့အချိန်ထိ သဘောတူငှားရမ်းမှု စာချုပ်ကို ချုပ်ဆိုထားခြင်းမရှိသေးကြောင်း ဦးကျော်မြင့်က ရှင်းပြသည်။

“ဒီအတိုင်းကြီး ပစ်ထားတာနဲ့ စာရင်တော့ဖြင့် ကလေးငယ်များရဲ့ ကစားကွင်းလည်းရမယ်၊ ဝင်ငွေလည်းရမယ်၊ သန့်ရှင်းသပ်ရပ်မှုတွေလည်း ဖြစ်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်၊ သို့သော် ခိုင်မာတဲ့ အဆောက်အအုံး အကြီး အမားကြီးတွေတော့ မပါဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပုဂ္ဂိုလ်တစ်စုံတစ်ယောက် နောက်အစုအဖွဲ့ကနေပြီး ကန့်ကွက်ပါတယ်ဆိုတဲ့စာတော့ မဖတ်ရသေးဘူး”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

သံလွင်ဥယျာဉ်ရှိ စည်ပင်သာယာပိုင်မြေဧရိယာ ၄၁ ဧကရှိကာ Ocean Shopping Mall ဆောက်လုပ်ရန် မြေဧရိယာ သုံးဧကကို ငှားရမ်းအသုုံးစေခဲ့ပြီး ပထမ ငါးနှစ်အတွက် တစ်လလျှင် ငွေ ၃၀ သိန်း၊ ဒုတိယငါးနှစ်ကို တစ်လလျှင် ငွေ ၄၅ သိန်းဖြင့် သတ်မှတ်ထား၍ တတိယငါးနှစ်နှင့် စတုတ္တငါးနှစ်ကို ခေတ်ကာလပေါက်ဈေးဖြင့် စည်ပင်သာယာတွင် ငှားရမ်းသွားရမည်ဟု ပြီးခဲ့သည့် ပြည်နယ်အစိုးရက ဒေသဖွံ့ဖြိုးရေးအတွက် ဆုံးဖြတ်ခဲ့သည်။

Written by – ခေတ်မင်း

Leave a Reply