ဦးစန်းမောင်ဦးနှင့်ဇနီးတို့သည် မသင်္ကာဖွယ်ရာ ငွေလွှဲပြောင်းမှုများနှင့် ငွေလဲလှယ်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း အဂတိကော်မရှင်မှ ဦးမိုးကျော်လွင်က တရားခွင်တွင် ထွက်ဆိုခဲ့သည်။

အဂတိမှုဖြင့် တရားစွဲခံထားရသော ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ‌ဟောင်း ဦးစန်းမောင်ဦးနှင့် ဇနီးဖြစ်သူတို့သည် နှစ်ဦးပေါင်း ဘဏ်စာရင်း ၅၀ ခန့် ဖွင့်ထားပြီး မသင်္ကာဖွယ် ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်ခဲ့ဖူးသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောသည်။

အဆိုပါအမှုအတွက် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်က ရန်ကုန်တိုင်းတရားလွှတ်တော်၌ ဇန်နဝါရီလ ၂၈ ရက်၊ လေးကြိမ်မြောက်ရုံးချိန်းတွင် ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

ဦးစန်းမောင်ဦးသည် ထိုင်းနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်ခွဲခန့် ကာလအတွင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများထံမှ လာဘ်ငွေ အကြိမ်ကြိမ် ရယူခဲ့သည်ဟုဆိုကာ ဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အဂတိတိုက်ဖျက်ရေးကော်မရှင်က ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

ဦးစန်းမောင်ဦးသည် သံအရာရှိအဖြစ် တာဝန်ထမ်းဆောင်သည့် ၂၀၁၇ မှ ၂၀၁၉ ခုနှစ်များအတွင်း မြန်မာနိုင်ငံရှိ ဘဏ်များတွင် ငွေစာရင်း အခု ၂၀ နှင့် ထိုင်းနိုင်ငံရှိ Kbank တွင် ငွေစာရင်း ၁ ခု ဖွင့်ထားပြီး ၎င်းဇနီးဖြစ်သူ ဒေါ်မဉ္ဇူဝင်းသည်လည်း မြန်မာနိုင်ငံရှိ ဘဏ်များတွင် ငွေစာရင်း ၂၉ ခု ဖွင့်လှစ်ထားကြောင်း ကော်မရှင်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့သည်ဟု ဦးမိုးကျော်လွင်က တရားခွင်တွင် ထွက်ဆိုခဲ့သည်။

သို့သော်လည်း ကော်မရှင်က အဖွဲ့လိုက် စုံစမ်းစစ်ဆေးခြင်းဖြစ်၍ ငွေပမာဏ အတိအကျနှင့် ငွေထုတ်ခဲ့သည့် အကြိမ်အရေအတွက်ကို မမှတ်ထားဟု ဆိုသည်။

“မသင်္ကာဖွယ်ရာဆိုတာက ငွေပမာဏများတဲ့ဟာတွေ အဲဒီလိုပေါ့။ သိန်းရာနဲ့ချီပြီး ထုတ်တဲ့ဟာတွေ။ အဲဒီထဲမှာ သိန်း ၅၀၀ လည်းပါမယ်၊ (သိန်း) ၂၀၀ လည်းပါမယ်၊ (သိန်း) ၅၀ လည်းပါမယ်။ ငွေစာရင်းအသေးစိတ်ကို စစ်တာမဟုတ်ဘူး။ အဲဒီအထဲကမှ မသင်္ကာစရာ ဖြစ်တာကို စစ်တာ” ဟု ဦးမိုးကျော်လွင်က ပြောသည်။

ဒေါ်မဉ္ဇူဝင်းသည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များအတွင်း နေပြည်တော်ရှိ Central Naypyitaw ငွေလဲလှယ်ရေးစင်တာ၌ အမေရိကန်ဒေါ်လာ ၅၈,၆၉၂ ဒသမ ၅ (ကျပ် သိန်း ၈၈၀ ကျော်) နှင့် ထိုင်းဘတ် ၉၉၇,၅၈၀ (ကျပ်သိန်း ၅၀၀ နီးပါး) ကို မြန်မာငွေနှင့် လဲလှယ်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်းလည်း ၎င်းက တရားခွင်တွင် ထွက်ဆိုခဲ့သည်။

အဆိုပါ ငွေကြေးများကို တရားဝင်ဖြစ်စေရန် ဒေါ်မဉ္ဇူဝင်းဖွင့်လှစ်ထားသော နေပြည်တော်ရှိ ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်တွင် အသုံးချမှုမျိုး ရှိနိုင်ကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရသဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပေးချက်အရ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့သို့ လွှဲပြောင်းထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“တရားရုံးမှာက အထောက်အထားရအောင်ပဲ ထွက်ပေးခဲ့တာ။ (တရားရုံးမှာ) ဒါကို စစ်ဆေးဖို့မဟုတ်ဘူး။ သူတို့ ဒီလိုလုပ်ထားတယ်ဆိုတာ တရားရုံးက ချင့်ချိန်လို့ရအောင် ထွက်တာ” ဟု ဦးမိုးကျော်လွင်က ပြောသည်။

ဦးစန်းမောင်ဦးသည် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုထံမှ ထိုင်းဘတ် ၄၀,၀၀၀ (ကျပ်သိန်း ၂၀ နီးပါး) ကို ၂၀၁၈ ခုနှစ်အတွင်း နှစ်ကြိမ်ခွဲ ရယူထားကြောင်း ဇန်နဝါရီလ ၇ ရက် ရုံးချိန်းတွင် တရားလို ဦးမိုးကျော်လွင်က ထွက်ဆိုခဲ့သည်။

ဦးစန်းမောင်ဦးသည် ၂၀၁၈ ခုနှစ်အတွင်းမှာပင် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ နောက်ထပ်သုံးခုထံမှလည်း လာဘ်ငွေအဖြစ် ထိုင်းဘတ် ၁၀၁,၅၀၀ (ကျပ် သိန်း ၅၀ ကျော်) ရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိချက်များကို ဇန်နဝါရီ ၂၈ ရက်ရုံးချိန်းတွင် ထပ်မံ တင်သွင်းခဲ့သည်။

သံအရာရှိဟောင်းကို လာဘ်ငွေယူရာတွင် အားပေးကူညီကြောင်း ကော်မရှင်က စွပ်စွဲထားသည့် ဒေသခန့်ဝန်ထမ်း ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက် တို့ကိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆၊ ၆၃ တို့ဖြင့် အမှုဖွင့်ထားသော်လည်း ၎င်းတို့မှာ တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပုဒ်မ ၆၃ အရ အဂတိကျူးလွန်ရန် အားပေးကူညီသူကို တူညီသော ပြစ်ဒဏ်ချမှတ်နိုင်သည်။

အဆိုပါအမှု၏ နောက်ထပ်ရုံးချိန်းမှာ ဖေဖော်ဝါရီ ၄ ရက် ဖြစ်သည်။

စန္ဒာဉာဏ် Myanmar Now

Leave a Reply