Advertisements

ချောင်းဆုံ ၊ သြဂုတ် 

ဓာတုဆေးလွတ် သြဂဲနစ်စိုက်ပျိုးရေးနည်းပညာအခြေခံသင်တန်းကို မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ကုန်သည်ကြီးများအသင်းခန်းမ တွင် သြဂုတ် ၂၁ ရက်မှ ၂၃ ရက်ထိ ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းသို့ မွန်ပြည်နယ် ၁၀ မြို့နယ်မှ စိုက်ပျိုးရေးဌာနဝန်ထမ်းများ၊ မွန်နှင့်ကရင်ပြည်နယ်တို့မှ တောင်သူများတက်ရောက်ကြကြောင်း ချောင်းဆုံမြို့နယ်စိုက်ပျိုးဦးစီးဌာနမှ ဦးရဲလင်းအောင် ကပြောသည်။

“မြန်မာနိုင်ငံရဲ့ စိုက်ပျိုးသဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးအတွက်အထောက်အကူပြုစေဖို့ ပြည်သူပြည် သားများ ဘေးအန္တရာယ်ကင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အသီးအနှံတွေကို စိုက်ပျိုးထုတ်လုပ်စားသောက်နိုင် ကြဖို့ ရည်ရွယ်ပြီး သင်တန်းများဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်တယ်”ဟု မြန်မာနိုင်ငံသြဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်း မှ သင်တန်းနည်းပြ ဒေါက်တာသန်းသန်းစိန်က ဆိုသည်။

စိုက်ပျိုးရာတွင် ဓာတုဗေဒဆေးဝါးနှင့် ပစ္စည်းများ မသုံးဘဲ စွန့်ပစ်ပစ္စည်းများကို သဘာဝမြေသြဇာအဖြစ်အသုံးပြုတတ်စေရန်၊ စိုက်ပျိုးမြေတွင် မိတ်ဖက် ဇီဝပိုးမွှားများ ပိုမိုရှင်သန်ပေါက်ပွားစေရန် စသည့်နည်းပညာများ၊ မြေပြုပြင်နည်းများကို သင်တန်းကတဆင့် သိရှိခဲ့ကြောင်း မော်လမြိုင်မြို့နယ်မှ တောင်သူ ဦးသိန်းထွန်းဦးက ဆိုသည်။

“သြဂဲနစ် စိုက်ပျိုးရေးနဲ့ သြဂဲနစ်အစားအစာတွေအကြောင်းကို ပြည်သူလူထုတွေကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ လိုတယ်။ အမှန်တကယ်စိုက်ပျိုးထုတ်လုပ်နေတဲ့တောင်သူတွေကိုလည်း သြဂဲနစ်စိုက်ပျိုးနည်းပညာတွေကို ထိရောက်စွာပံ့ပိုးစေချင်တယ်”ဟု ၎င်း က အကြံပြုသည်။

မွန်ပြည်နယ်မှ ရန်ကုန်သို့ သင်တန်း လာတက်ဖူးသည့် တောင်သူများ၏ဖိတ်ခေါ်ချက်အရ ယခုလို လာရောက်သင်ကြားပေးကြောင်း၊ အခြားမြို့နယ်များတွင်လည်း အလားတူအစီအစဉ်ရှိကြောင်း ဒေါက်တာဒေါ်သန်းသန်းစိန်ကဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply