သြစတေးလျတွင် မူးယစ်ဆေးဝါး ၁ဒသမ၇တန်ကျော် ဖမ်းမိ

Photo : Internet

ကင်ဘာရာ ဖေဖော်ဝါရီ

အိုက်စ်ဟု လူသိများသည့် မက်သာဖက်တမင်းဆေးပြား ၁ ဒသမ ၇ တန်ကျော်ကို သြစတြေးလျရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၈ ရက်တွင် သိမ်းဆည်းရမိကြောင်းနှင့် သြစတြေးလျနိုင်ငံတွင် သိမ်းဆည်းရမိသမျှ မူးယစ်ဆေးဝါးများထဲတွင် ပမာဏ အကြီးမားဆုံးဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။

လွန်ခဲ့သည့်လအတွင်းက အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှ သြစတြေးလျနိုင်ငံတွင်းသို့ သယ်ယူလာသည့် မက်သာဖက်တမင်း ဆေးပြားများကို အမေရိကန်တာဝန်ရှိသူများနှင့် ပူးပေါင်းလုပ်ဆောင် ဖမ်းဆီးရမိခဲ့ကြောင်း သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့က ပြောကြားသည်။

အမေရိကန်ဒေါ်လာ ကိုးသန်းကျော်တန်ဖိုးရှိသည့် မက်သာဖက်တမင်းဆေးပြားများကို သေတ္တာများအတွင်း သိုဝှက်ထည့်သွင်းလာခဲ့ပြီး သေတ္တာများပေါ်တွင် အသံ ချဲ့စက်များဟု စာတန်းများ ကပ်ထားကြောင်း သတင်းတွင် ဖော်ပြသည်။

သြစတြေးလျနိုင်ငံတွင်းသို့ အိုက်စ်ဆေးပြား ဆူနာမီလှိုင်း ဝင်ရောက်ခြင်းကို တားဆီးနိုင်ခဲ့သည်ဟု သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့ လက်ထောက်မင်းကြီး ဘရုစ်ဟီးလ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ယင်းဆေးပြားများ သိမ်းဆည်းရမိမှုတွင် သြစတြေးလျ အာဏာပိုင်များက အမေရိကန်နိုင်ငံသား နှစ်ဦးအပါအဝင် လူခြောက်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ မက္ကဆီကို မူးယစ်ဆေးဝါးဂိုဏ်းများသည် သြစတြေးလျနိုင်ငံကို ပစ်မှတ်ထားလာကြောင်း သြစတြေးလျရဲအဖွဲ့က ပြောကြား ခဲ့သည်။

NHK

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.