Advertisements

သဘာဝတရားကြီးဟာ သွားတွေကို လူတွေအတွက် အဓိကတာဝန် (၃) ရပ်ဆောင်ရွက်ဖို့ ဖန်တီးပေးထားခဲ့တာ ဖြစ်ပါတယ်။
၁။ အစားအစာတွေကို ကောင်းစွာကြိတ်ဝါးနိုင်ပြီး အဟရပြည့်ဝစွာ စားသုံးနိုင်ဖို့
၂။ စကားသံ ပီသစွာ ပြောဆိုနိုင်ဖို့
၃။ ရုပ်ဆင်းသွင်ပြင် လှပစွာရှိနိုင်ဖို့ စတဲ့ အဓိက လုပ်ငန်းကြီး သုံးရပ်ကို သွားတွေက ဆောင်ရွက်ပါတယ်။

ခံတွင်းထဲမှာ သွားတွေ မရှိတော့တဲ့အခါ အထက်ပါလုပ်ငန်းစဉ်သုံးရပ်မှာ ချို့ယွင်းချက်တွေဖြစ်လာပါတယ်။ ဥပမာ စားတဲ့ဝါးတဲ့နေရာမှာ အဓိက သုံးတဲ့ အံသွားတွေ မရှိတော့တဲ့အခါ ပထမဆုံး အသားတွေမဝါးနိုင်တာ၊ အသီးအရွက်တွေကိုက်ဖြတ်စားသောက်ဖို့ခက်လာတာတွေကို ကြုံတွေ့ရပြီး အဟာရ ပြည့်ဝစွာ စားသုံးရခြင်းမရှိတဲ့အတွက် အခြားကျန်းမာရေးအခြေအနေတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါ့အပြင် အံသွားတွေဟာ ပါးပြင်ပေါ်မှာ ရှိတဲ့ ကြွက်သားတွေကို တင်းရင်းနေအောင်ထောက်ပံ့ပေးထားတာဖြစ်တဲ့အတွက် သူတို့တွေမရှိတဲ့အခါ မျက်နှာအသွင်အပြင်မှာ ပိုပြီး အိုမင်းလာသယောင်ထင်ရစေပါတယ်။

ပျက်စီးဆုံးရှုံးသွားတဲ့ သွားတွေ နေရာမှာ အစားထိုးပြန်စိုက်တဲ့အခါ ကရိကထများပါတယ်။ အချိန်ပေးရလေ့ရှိပါတယ်။ နောက် ကုန်ကျစရိတ် အနည်းငယ်များလေ့ရှိပါတယ်။ ဒါကြောင့် လူတော်တော်များများဟာ သွားနုတ်ရမှာ မကြောက်သလောက် သွားပြန်စိုက်ရမှာတော့ အနည်းငယ် တွန့်ဆုတ်လေ့ရှိကြပါတယ်။

Advertisements
data-language="en"

အရှေ့သွားတွေ ဆုံးရှုံးတဲ့အခါ အဓိက ကြုံရနိုင်တာကတော့ အလှအပပိုင်းဆိုင်ရာ ပြဿနာပါပဲ။ သွားတွေမရှိတဲ့အတွက် စကားပြောရမှာ မဝံ့ရဲတာ၊ လူအများရှေ့ ပါးစပ်ဖွင့်ဖို့ ရှက်တာ၊ စကားသံတွေ ပီပီသသ အသံမထွက်နိုင်တော့တာမျိုးတွေ ကြုံလာနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုလျော့ကျလာစေပါတယ်။ စိတ်ဓာတ်ကျတာမျိုးတွေကိုလည်း ကြုံလာရစေနိုင်ပါတယ်။

ဒါ့အပြင် သွားတစ်ချောင်း ဆုံးရှုံးသွားပြီဆိုတာနဲ့ ဆုံးရှုံးသွားတဲ့ သွားနေရာမှာ နေရာလွတ်တစ်ခု ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီနေရာလွတ်ထဲကို ဘေးသွားတွေနဲ့ မျက်နှာချင်းဆိုင် သွားတွေက ရွေ့လာပြီး သွားတွေ မညီညာတော့တာ၊ အစာဝါးတဲ့အခါ အပေါ်သွားနဲ့ အောက်သွား အံဝင်ခွင်ကျမဖြစ်တာ စတာတွေကြုံတွေ့လာရနိုင်ပါတယ်။ နောက် နားထင်တဝှိုက်နာလာတာမျိုးတွေလည်း ကြုံလာရနိုင်ပါတယ်။ အချိန်အတော်ကြာ ပြန်မစိုက်ဘဲထားခဲ့အခါ မညီညာတဲ့ သွားတွေမှာ သွားပိုးစားတာ၊ သွားဖုံးရောင်တာတွေ ဖြစ်လာနိုင်ပြီး ကျန်တဲ့သွားတွေကိုလည်း အလွယ်တကူ ပျက်စီး ဆုံးရှုံးရနိုင်ပါတယ်။

ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သွားတွေ ဆုံးရှုံးခဲ့ရင် အချိန်မီ ပြန်စိုက်ဖို့သင့်ပါတယ်။ ဒါမှသာ အခြားသွားတွေကိုရော ၊ မိမိရဲ့ကျန်းမာရေး ကိုပါ ထိန်းသိမ်းစောင့်ရှောက်ပြီးသား ဖြစ်စေမှာ ဖြစ်ပါတယ်။ သွားစိုက်ဖို့ အကောင်းဆုံး အချိန်ကတော့ သွားဆုံးရှုံးပြီး တစ်လ အကြာပါပဲ။ သွားစိုက်ရာမှာ မိမိနဲ့ ကိုက်ညီတဲ့ သွားစိုက်နည်းတွေကို သွားဘက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ရွေးချယ်သင့်ပါတယ်။ ယေဘုယျအားဖြင့် သွားစိုက်ခြင်းမှာ အသေစိုက်နဲ့ အရှင်စိုက်ဆိုပြီး နှစ်မျိုးရှိပါတယ်။

အရှင်စိုက်ဆိုတာကတော့ အများစကားအရ အံကပ်လို့ ခေါ်ပါတယ်။ မိမိကိုယ်တိုင် ဖြုတ်နိုင် တပ်နိုင်ပါတယ်။ သွားအရေအတွက် များများ စိုက်ဖို့လိုအပ်တဲ့အခါ ၊ သွားဖုံးသားတွေရဲ့ ကျန်းမာရေး မကောင်းတဲ့အခါ အံကပ်ကိုသာ ရွေးချယ်သင့်ပါတယ်။ အံကပ်အမျိုးအစားလည်း အမျိုးမျိုးရှိတာမို့ မိမိနဲ့ သင့်တော်ရာကို ရွေးချယ်နိုင်ပါတယ်။

သွားအသေစိုက်ခြင်းဆိုတာကတော့ ဖြုတ်စရာ၊ တပ်စရာမလိုအပ်ပါဘူး။ စိုက်ဖို့အတွက် သွားအရေအတွက်နည်းတဲ့အခါ၊ ဘေးသွားတွေနဲ့ သွားဖုံးသားတွေ ကျန်းမာနေတဲ့အခါ အသေစိုက်ခြင်းကို ရွေးချယ်နိုင်ပါတယ်။ သွားအသေစိုက်ခြင်းမှာလည်း အမျိုးမျိုးရှိတဲ့အတွက် မိမိနဲ့ ကိုက်ညီရာကို ရွေးချယ်နိုင်ပါတယ်။

သွားဆိုတာ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုပါပဲ။ ကိုယ်တိုင် သတိမထားမိပေမယ့် လူတွေရဲ့ နေ့စဉ်လူနေမှုဘဝမှာ သွားတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ဆောင်ရွက်နေကြပါတယ်။ သွားတစ်ချောင်းဆုံးရှုံးသွားတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေဟာ အချိန်တိုအတွင်းမှာတော့ မသိသာပါဘူး။ ဒါကြောင့် ဆိုးကျိုးတွေပေါ်လာမီ ကုသတာထက်စာရင် အချိန်မှီ သွားတွေ ပြန်စိုက်ထားတာက ကျန်းမာရေး၊လူမှုရေး ဘဝတွေပိုမိုအဆင်ပြေစေဖို့ အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။
မိမိကိုယ်ကို ဂရုဓမ္မထား စောင့်ရှောက်နိုင်ကြပါစေ။

Written by ဒေါက်တာနွေဦးငယ်

Leave a Reply