By စိုးစံထိုက်
Via Myanmar Now
30/05/2019

ဒေါ်ရွှေအိမ်စည်သည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာမြို့ကြီးတို့မှ ဆေးရုံများသို့ ရောက်ဖူးခြင်း မရှိပေ။ သို့သော်လည်း ထိုဆေးရုံများရှိ သွေးအလှူရှင်ကွန်ရက်စာရင်းတွင် သူ့အမည်၊ ဖုန်းနံပတ်တို့ ရှိနေသည်။

သူ၏ နေ့စဉ်အလုပ်များထဲတွင် မည်သည့်ဆေးရုံမှ လူနာ မည်သည့်သွေးအမျိုးအစား လိုနေကြောင်း သွေးကုသိုလ်ကွန်ရက်-ရွှေအိမ်စည် အမည်ရှိ Facebook စာမျက်နှာတွင် အသိပေး ရေးသားခြင်းလည်း ပါဝင်သည်။

“ဟယ်ပင်ကလေးဆေးရုံ အထူးကြပ်မတ်ဆောင်လူနာအတွက် #Aသွေး ၃လုံး လိုအပ်ပါတယ် လူနာရှင်တိုက်ရိုက်ပါ ကုသိုလ်ပြုလိုပါက ဖုန်း ထားပေးပါ လူနာရှင်မိသားစု ပြန်လည်ဆက်သွယ်ပါမည်” ဟု ထိုစာမျက်နှာတွင် မေ ၂၈ ရက်နေ့က ရေးလိုက်သည်။

နာရီပိုင်းအတွင်းမှာပင် သွေးလှူမည့်သူက ဆက်သွယ်လာရာ သွေးအလိုရှိကြောင်း ကြေညာချက် အပေါ်ဆုံးတွင် “သွေးကုသိုလ်ရှင်ရပြီ” ဟူသော စာတန်း ဖြည့်စွက်လိုက်သည်။

“သွေးအလှူ ရှင်ပေါ်လာရင် လူနာရှင်နဲ့ တိုက်ရိုက် ချိတ်ပေးတယ်။ သွေးလှူရှင်လည်း လူနာကို ကယ်ပေးနိုင်တာကို တွေ့ရတော့ သဘောကျတယ်” ဟု ရန်ကုန်၊ တာမွေမြို့နယ်တွင် နေထိုင်သော ဒေါ်ရွှေအိမ်စည်က ပြောသည်။

ဤသို့ဖြင့် မြန်မာပြည်တွင် အသုံးတွင်ကျယ်နေသော Facebook သည် သွေးလိုအပ်သူနှင့် သွေးလှူဒါန်းနိုင်သူတို့ကြား ပေါင်းကူးပေးရာတွင် အရေးပါ၊ လူသုံးများသော ကြားခံ ဆက်သွယ်ရေး ဖြစ်လာသည်။

ဒေါ်ရွှေအိမ်စည် ဦးဆောင်သော သွေးကွန်ရက်ကဲ့သို့သော ပရဟိတ အသင်းများမှအစ အစိုးရ၏ သွေးလှူဘဏ်အဆုံး Facebook ကို အသုံးပြုပြီး လူနာအများအပြား၏ အသက်ကို ကယ်တင်နေကြသည်ကို တွေ့နိုင်သည်။

အမျိုးသားသွေးဌာန

သွေးလှူဘဏ်ကို အမည်ပြောင်းထားသော အမျိုးသားသွေးဌာနသည်လည်း ဆိုရှယ်မီဒီယာကို ကောင်းစွာ အသုံးပြုခြင်းဖြင့် သွေးစေတနာရှင်များကို စည်းရုံးလျက်ရှိသည်။

ဆေးရုံအသီးသီးတွင် နေ့စဉ် လိုအပ်နေသော သွေးမျိုးစုံကို ပုံမှန် ထောက်ပံ့ပေးနိုင်ရန် National Blood Center အမည်ဖြင့် Facebook စာမျက်နှာ ဖွင့်ထားပြီး လှုပ်ရှားမှု သတင်း၊ ဓာတ်ပုံများကို အဆက်မပြတ် တင်ဆက်နေသည်ကို တွေ့နိုင်သည်။ သွေးလှူရှင် ရရှိရန် ရန်ကုန်ရှိ ကုန်တိုက်များ၊ ပရဟိတ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဌာန၏ ဝက်ဆိုက်တွင် သွေးအမျိုးအစားလေးခု လက်ကျန်စာရင်း အပါအဝင် သတင်းအချက်များ ဖော်ပြထားပြီး သွေးလှူလိုသူတို့ အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းနိုင်ရန် စီစဉ်ပေးထားသည်ကိုလည်း တွေ့ရသည်။

၂၀၁၇ နှင့်၂၀၁၈ ခုနှစ်ကြား သွေးရရှိမှုနှုန်း ၄ဝ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းသည် Facebook မှ တစ်ဆင့် စည်းရုံးခြင်းနှင့်လည်း ဆက်စပ်နေဖွယ်ရှိသည်။

အမျိုးသားသွေးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်ကို မကြာသေးမီက သီးသန့် တွေဆုံမေးမြန်းစဉ် ၎င်းက ရန်ကုန်မြို့ အတွင်း ဆေးရုံများ၏ သွေးလိုအပ်ချက်ကို ၆၉ ဒသမ ၃ ရာခိုင်နှုန်းသာ ထောက်ပံ့ ပေးနိုင်သောကြောင့် အစိုးရဆေးရုံများကိုသာ ဦးစားပေးနေသည်ဟု ပြောသည်။

အထူးကုဆေးရုံများတွင် အရေးပေါ်လိုအပ်လာလျှင် သက်ဆိုင်ရာ ဆရာဝန်က အမျိုးသားသွေးဌာနကို တိုက်ရိုက် ဆက်သွယ်နိုင်သည်ဟု ဆိုသည်။

“စေတနာ သွေးအလှူရှင် ရှာရတာ အရမ်းခက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက လှိုင်သာယာ ဆေးရုံမှာ သွေးလှူပွဲ ကျင်းပတယ်။ ကျွန်မတို့ သွေးဌာနက သွားပြီး စစ်ဆေးတာတွေ လုပ်ပြီး သိမ်းဆည်းပေးပါတယ်။ လိုအပ်တဲ့အခါ ပြန်လာထုတ်ပါတယ်။ သွေးအလှူရှင်ကို သူတို့ပါ ဝိုင်းရှာပေးတဲ့ အတွက် ပိုပြီး အဆင်ပြေပါတယ်” ဟု ဒေါက်တာသီတာလွင်က ပြောသည်။

အလှူရှင်တို့ထံမှ ရလာသော သွေးကို သွေးနီဥ၊ သွေးဥမွှား၊ သွေးရေကြည် ဟူသော အစိတ် အပိုင်း သုံးခုကို ခွဲထုတ်ကာ သိမ်းဆည်းကြောင်း၊ ရောဂါ ဝေဒနာ မတူညီသော လူနာသုံးဦးကို အရေးပေါ် အခြေအနေတွင် ကုသ ကယ်တင်နိုင်ကြောင်း သိရသည်။

စေတနာရှင်များ လာရောက် လှူဒါန်းသော သွေးကို အဆင့်ဆင့် စစ်ဆေးခြင်း၊ အုပ်စုခွဲခြင်း ၊ သတ်မှတ်ထားသော အပူချိန်အတိုင်း ထိန်းသိမ်းခြင်း အစရှိသော နည်းပညာများအတွက် နှစ်စဉ် သိန်းပေါင်း ၁၄,ဝဝဝ ခန့် ကုန်ကျ ကြောင်း သိရသည်။

သွေးဌာနသို့ ရောက်လာသော စေတနာရှင် အရေအတွက်မှာ ၂၀၀၃ ခုနှစ်က လစဉ် ၃,၅၀၀ ခန့် ရှိခဲ့သည်။ ယခုအခါ ထိုအရေအတွက်၏ နှစ်ဆ ရှိလာပြီဖြစ်သည်။

သွေးဌာန၏ Facebook စာမျက်နှာတွင် အများပြည်သူကို ဆက်သွယ်၊ ရေးသား၊ စည်းရုံးသည့်အခါ နှစ်လိုဖွယ်ရှိသည်ကို တွေ့ရသည်။

ပြင်ပတွင်လည်း အလုပ်သဘောအရ ဆက်ဆံသည့်အခါ ထိုအတိုင်း ဖြစ်သင့်သည်ဟု ရန်ကုန်၊ လှိုင်မြို့နယ်မှ အကြိမ် ၃ဝ ကျော် သွေးလှူဖူးသူ ဦးမျိုးညွန့်မောင်က ပြောသည်။

သွေးလက်ခံဌာန ဝန်ထမ်းတချို့အနေဖြင့် အချိန်ပေးပြီး လာရောက်သော သွေးလှူရှင်များနှင့် ပြောဆို ဆက်ဆံရေးတွင် ပြုပြင်ပြောင်းလဲသင့်သည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

“လာလှူသူအပေါ် ဆက်ဆံပုံတွေ မကြိုက်ဘူး။ ဒါက ကျွန်တော့်အမြင်ပါ” ဟု ဦးမျိုးညွန့်မောင်က ပြောသည်။

လူနာရှင်တို့ သတိပြုရန်

သွေးလှူသူတို့ မှတ်ပုံတင်နိုင်သည့်အစီအစဉ်ကို Facebook ကုမ္ပဏီက ၂ဝ၁၇ တွင် အိန္ဒိယနိုင်ငံအတွက် အစပြုခဲ့သည်။ ကမ္ဘာ့အင်အားကြီးဆိုရှယ်မီဒီယာဖြစ်လာသော Facebook က သွေးလှူလိုသူများနှင့် သွေးလှူဘဏ်များကြား ချိတ်ဆက်ပေးခြင်းပင်။ သွေးလှူဘဏ် သို့မဟုတ် သွေးဌာန တစ်ခုခုက သွေးအရေးပေါ် လိုအပ်မည် ဆိုပါက သွေးလှူမည်ဟု အာမဘန္တေခံထားသူတို့ကို Facebook က လှမ်းပြီး အချက်ပြသည့် အစီအစဉ်ဖြစ်သည်။

နောက်ပိုင်းတွင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးတို့တွင်လည်း ထိုအစီအစဉ်ရောက်ရှိသွားသည်။ Facebook တည်ရှိရာ အမေရိကန်ပြည်ထောင်စုတွင် လာမည့် လအနည်းငယ်အတွင်း ထိုအစီအစဉ်ကို မိတ်ဆက်ပေးမည်ဟု သိရကြောင်း အမေရိကန်အခြေစိုက် MobiHealthNews သတင်းတစ်ပုဒ်တွင် ဖေဖော်ဝါရီလလယ်ပိုင်းက ဖော်ပြထားသည်။

အဆိုပါအစီအစဉ်မှာ သွေးလှူသူနှင့် Facebook သုံးသူ အများအပြားရှိသော မြန်မာပြည်အတွက်လည်း အသင့် မဖြစ်သေးပေ။

စစ်တွေခရိုင် ကမန်တိုင်းရင်းသားများ သာရေးနာရေး လူမှုရေးအသင်း၏ အတွင်းရေးမှူး ဦးသောင်းရွှေသည်လည်း သွေးလှူရှင်တစ်ဦး ဖြစ်သည်။

“အသင်းကို ဖုန်းဆက်ပြီး သွေးအလှူခံသူတွေကို တတ်နိုင်သမျှ ကိုယ့်လမ်းစရိတ်နဲ့ကိုယ်သွားပြီး အကူအညီ ပေးပါတယ်။ ကျန်မာရေး မကောင်းဖြစ်နေတာ၊ သွေးလှူပြီး လေးလ မပြည့်တာတွေ ဖြစ်နေရင်လည်း လှူလို့မရပါဘူး” ဟု ဦးသောင်းရွှေက ပြောသည်။

ပရဟိတအသင်း၊ နိုင်ငံရေးအဖွဲ့၊ ရဲတပ်ဖွဲ့တို့က အလှူရှင်အများအပြားကို စည်းရုံးခေါ်ဆောင်လာလေ့ ရှိသဖြင့် ထိုအဖွဲ့များသည် သွေးဌာနအတွက် အရေးပါလှသည်။

သွေးလိုသည့် လူနာ၏ အရေးပေါ်အခြေအနေကို အမြတ်ထုတ်သူတချို့လည်း ရှိနေသည်ဟု သိရသည်။

သတင်းဆိုးနှစ်ခုမှာ အမြတ်ထုတ်သူတို့က ပရဟိတလုပ်ငန်း လုပ်ဟန် ပြထားခြင်း၊ တစ်ကြိမ်အကျိုးဆောင်ခအဖြစ် တစ်သိန်းဝန်းကျင် တောင်းခံခြင်းတို့ ဖြစ်သည်။ ရှားပါးသွေးအုပ်စုမျိုးကို အရေးပေါ်လိုအပ်နေလျှင် ထိုငွေပမာဏထက် ပိုတောင်းလေ့ရှိသည်ဟု ဆိုသည်။

ရန်ကုန် မင်္ဂတောင်ညွန့်မြို့နယ်မှ ဒေါ်ဝင်းဝင်းရွှေက သူ၏အဒေါ်ဖြစ်သူ ရန်ကုန် အထူးကု ဆေးရုံတစ်ရုံတွင် ကုသမှု ခံယူစဉ် လိုအပ်သော သွေးအတွက် ကူညီမည့်သူတချို့ကို ငွေပေးခဲ့ရသည်ဟု ဆိုသည်။

“အရေးပေါ် သွေးသွင်းရမယ်လို့ တာဝန်ကျ ဆရာဝန်က ပြောတဲ့အခါ ကျွန်မ ပျာယာခတ်နေတယ်။ အဲဒီဆေးရုံမှာတွေ့တဲ့ လက်ကမ်းစာစောင်က ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်တာ ပထမတော့ လမ်းစရိတ်၊ စားစရိတ်ပေးရမယ် ပြောတယ်။ နောက်ဆုံး သူတိုတောင်းတဲ့ ငွေ ရှင်းလိုက်ရတယ်” ဟု ဒေါ်ဝင်းဝင်းရွှေက ပြောပြသည်။

ထိုသို့သော အခြေအနေမျိုးတွင် လူနာရှင် ပျာယာခတ်လေ သွေးဈေးနှုန်း တတ်လေ ဖြစ်သွားနိုင်သည်ဟု သူက ဆက်ပြောသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှ ရာသက်ပန် ကြက်ခြေနီ အသင်းဝင်ဖြစ်သူ ဦးရန်နိုင်သည် ၄၁ ကြိမ်မြောက် သွေးလှူရှင် ဖြစ်သည်။

“ကိုယ့်သွေးနဲ့ တစ်ခြားလူတစ်ယောက်ကို အသက်ကယ်တင်ပေးခွင့်ရတဲ့ အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ကူးစက်ရောဂါတွေ မဖြစ်အောင် အမြဲ ဂရုစိုက်ရပါတယ်” ဟု ဦးရန်နိုင်က ပြောသည်။

“အကျိုးဆောင်ခ တောင်းယူသူတွေ မပါဝင်အောင် လူနာအပါအဝင် ဆေးရုံ၊ ကြက်ခြေနီ တာဝန်ရှိသူများက တိုက်ရိုက် ဖုန်းဆက်ပြီး သွေးအလှူတောင်းခံမှ လှူဖြစ်ပါတယ်” ဟု ဦးရန်နိုင်က ဆိုသည်။

ရန်ကုန်မှ AB သွေး အမျိုးအစားပိုင်ရှင် အကြိမ် ၃ဝ ကျော် သွေးလှူရှင် ဦးမျိုးညွန့်မောင်က သွေးဌာနသို့ တိုက်ရိုက် သွားရောက်လှူဒါန်းသူ ဖြစ်သော်လည်း ရံဖန်ရံခါ ပရဟိတအသင်းတစ်ခုက အရေးပေါ် ဆက်သွယ်လာတတ်သည်ဟု ပြောသည်။

“မသမာမှုတော့ မတွေ့ပါဘူး။ ငွေညှစ်သူကိုတော့ ကွန်တော် မကြုံဘူးသေးပါဘူး” ဟု အရေးပေါ်လူနာ သွေးလိုအပ်မှုနှင့် ပတ်သက်ပြီး Facebook တွင် သတင်းမျှဝေတတ်သူ ဦးမျိုးညွန့်မောင်က ပြောသည်။

ဦးမျိုးညွန့်မောင်က လူနာရှင်နှင်သာ တိုက်ရိုက်တွေ့ဖူးသည်ဟု ဆိုသော်လည်း သွေးကုသိုလ်ကွန်ရက်-ရွှေအိမ်စည် Facebook စာမျက်နှာကို ကိုင်တွယ်သူ အမျိုးသမီးကတော့ ကြားပွဲစားကို သတိထားရမည်ဟု သတိပေးသည်။

သူ့ထံ အဆက်မပြတ် ဆက်သွယ်လာသူများထဲတွင် လူနာရှင်ယောင်ဆောင်ထားသူလည်း ပါဝင်နိုင်သောကြောင့် သေချာစွာ စစ်ဆေးနေရကြောင်း၊ အမြတ်ထုတ်သူဟု သံသယဖြစ်ဖွယ်ရှိသူကို ကူညီခြင်း မပြုနိုင်ကြောင်း သူက ပြောသည်။

“ဖုန်းနံပတ် တစ်ခုတည်းနဲ့ သွေး ၇ ပုလင်း တောင်းတယ်။ နင်တို့ သွေးပွဲစားလားလို့ ကျွန်မ မေးလိုက်တယ်။ ဆေးရုံမှာ တာဝန်ကျနေတဲ့ ဆရာဝန်နဲ့ လူနာရှင် တိုက်ရိုက် ကျွန်မကို ဆက်သွယ်ပါ” ဟု ဒေါ်ရွှေအိမ်စည်က ပြောလိုက်သည်။ ။

စိုးစံထိုက်

Leave a Reply