Advertisements

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုများ လျော့နည်းကျဆင်းစေရေးအတွက်  သွေးလွန်တုပ်ကွေးရောဂါ နှိမ်နင်းရေး အရှိန်အဟုန်မြင့် လုပ်ဆောင်နေကြောင်း မွန်ပြည်နယ်လူမှုရေးနှင့်ဝန်ကြီးဒေါက်တာထိန်လင်းက ပြောကြားသည်။

သွေးလွန် တုပ်ကွေးရောဂါသေဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်မည့်လုပ်ငန်းများကို မော်လမြိုင်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဇွန်လ ၂၅ ရက်နေ့က  အသိပေးရှင်းလင်းပွဲ ကျင်းပရာ၌ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“မွန်ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများရှိနေပြီးတော့ မိုးရွာသွန်းမှုများတဲ့ဇွန်၊ ဇူလိုင်လတွေမှာပိုမိုများပြားလာလို့ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့် ဆောင်ရွက်တဲနေရာမှာကျန်းမာရေးဌာနနှင့်တကွ ဌာနဆိုင်ရာအဖွဲ့စည်းများ၊လူမှုရေးအဖွဲ့စည်းများ ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ကိုအပြည့်အဝရရှိစေရန်ရည်ရွယ်ပြီး အခုလို အသိပေးလုပ်ငန်းဆောင်ရွက်ရတယ် “ ဟု လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်းကဆိုသည်။

အဆိုပါ အခမ်းအနားတွင်မွန်ပြည်နယ်သွေးလွန်တုပ်ကွေးရောဂါအခြေအနေ၊ ချီကန်ဂန်ညာရောဂါ၊ ရာသီတုပ်ကွေးရောဂါများကိုကာကွယ်ရန်နှင့်ဖြစ်ပွား၊ သေဆုံးမှုလျော့နည်းကျဆင်းရေးလုပ်ငန်းများ အသိပေးဆွေးနွေးပြီး ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။

ယခုအခါမော်လမြိုင်မြို့အတွင်း ရပ်ကွက်အချို့အားသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအနေနှင့် ခြင်ကျား ကာကွယ်ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်ထားကြောင်း သိရှိရသည်။

ထို့ပြင် အခြေခံပညာကျောင်း ၁၄၆ ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအကြောင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

၂၀၁၉ ဇွန်လအထိ မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၄၄၈ဦးရှိပြီးသေဆုံးသူ ၂ဦးခန့်ရှိသည်ဟု ကျန်းမာရေးဦးစီးဌာနထံမှသိရသည်။

မွန်ပြည်နယ်သည်သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အဆင့်၄ နေရာတွင်ရှိကြောင်းအဆိုပါဌာနမှတာဝန်ရှိသူများကဆိုသည်။

မုဒုံမြို့နယ်မှတစ်ဦးနှင့်ရေးမြို့နယ်မှတစ်ဦးဖြစ်ပြီး ကျိုက်ထိုနှင့် ဘီးလင်းမြို့များတွင် ဖြစ်ပွားမှု အနည်းဆုံးဖြစ်သည်။

ကျေးရွာများတွင် ပိုမိုအဖြစ်များသည်ဟုကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

၂၀၁၅ခုနှစ်၌ မွန်ပြည်နယ်တစ်ခုလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ၂၁၈၂ ဦးထိရှိခဲ့ပြီး ၃ ဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

စိုင်းထွန်းစံ၊လဲ့လဲ့ဝင်း

Leave a Reply