Advertisements

ထားဝယ် ဧပြီ

သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလေ့ ရှိသည့် ရာသီမတိုင်မီပင် တနင်္သာရီတိုင်းဒေသကြီးတွင် ယခုနှစ်စမှ ဧပြီနောက်ဆုံးအပတ်အတွင်း လေးလတာကာလ၌ ယင်းရောဂါဖြစ်ပွားသူ ဦးရေ ၃၀၀ ကျော်ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးရုံးထံမှ သိရသည်။

ယမန်နှစ် ကာလတူတွင် ၁၇၇ဦး ရောဂါ ဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင်မူ ပိုးတွေ့လူနာ ၁၈၈ဦး၊ သွေးယိုစီးလက္ခဏာတွေ့ လူနာ၁၂၃ဦး၊ စုစုပေါင်း ၃၁၁ ဦးသွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့ကြောင်း ပိုးမွှားများမှတဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရ.ပ.က.န)တာဝန်ခံ ဒေါက်တာနန္ဒာဝင်းက ပြောကြားသည်။

“အရင်နှစ်နဲ့စာရင် ဒီနှစ်က ပို အဖြစ်များမယ်လို့ မျှော်လင့်ထားတယ်၊ လက်ရှိအချိန်အထိ သေဆုံးသူမရှိဘူး ” ဟု ဒေါက်တာနန္ဒာဝင်းက ဆိုသည်။

လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားသည့် နေအိမ်ဝန်းကျင်တွင် ခြင်နှိမ်နင်းရေး၊ မီတာ ၁၀၀အတွင်း ခြင်ဆေးမှုတ်ခြင်း၊ မီတာ၃၀၀အတွင်း အဘိတ်ဆေးခတ်ခြင်း၊ ရေကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်စေခြင်းတို့ ဆောင်ရွက်နေသည်ဟု ရ. ပ.က.န အဖွဲ့ထံမှ သိရသည်။

ကျောင်းဖွင့်ချိန်တွင်ကျန်းမာရေးပညာ ပေးဟောပြောခြင်း၊အပတ်စဉ်ဖုံးသွန်လဲစစ်ခြင်းလုပ်ငန်း များပြုလုပ်သွားမည်ဟုဒေါက်တာနန္ဒာဝင်းက ပြောသည်။

အဆိုပါကာလတွင် သွေးယိုစီးသူ မြိတ်မြို့နယ်တွင် ၅၀ဦး၊ ကျွန်းစုမြို့နယ်တွင် ၂၀ဦး၊ပုလောမြို့နယ်တွင်၁၇ဦး၊ဘုတ် ပြင်းမြို့နယ်တွင် ၁၄ဦး၊ထားဝယ်မြို့နယ်တွင်၈ဦး၊လောင်း လုံးမြို့နယ်၊ ရေဖြူမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တွင် ၄ဦးစီ၊တနင်္သာရီမြို့နယ်တွင် ၂ဦး စုစုပေါင်း ၁၂၃ဦးဖြစ် ပွားခဲ့သည်။

ထို့အပြင် ယင်းကာလတွင် သွေးလွန်တုပ်ကွေးရောဂါ ပိုး တွေ့လူနာ မြိတ်မြို့နယ်တွင် ၄၉ဦး၊ ပုလောမြို့နယ်တွင် ၄၆ဦး၊ ထားဝယ်မြို့နယ်တွင် ၂၇ဦး၊ လောင်းလုံးမြို့နယ် တွင်၂၃ဦး၊ သရက်ချောင်းမြို့နယ်နှင့်ဘုတ်ပြင်းမြို့နယ် တို့တွင် ၁၁ဦးစီ၊ ရေဖြူမြို့နယ်နှင့်ကျွန်းစုမြို့နယ်တွင် ၁၀ ဦးစီ၊ တနင်္သာရီ မြို့နယ် တွင် ၁ဦး၊ စုစုပေါင်း ၁၈၈ ဦးဖြစ် ပွားခဲ့သည်ဟု သိရသည်။

တိုင်းအတွင်း ဇွန်လနှင့်ဇူလိုင်လတွင် အဆိုပါ ရောဂါဖြစ်ပွားမှု များလေ့ရှိပြီး ယမန်နှစ် ၂၀၁၈ ခုက ၁၄၀၉ဦး ယင်း ရောဂါ ဖြစ်ပွားရာမှ လူနာ ၁၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

တင့်လွင်

Advertisements
<

Leave a Reply