ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ပြိုင်ပွဲ ကျင်းပမည်

ထားဝယ် ဇန်နဝါရီ

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ပြိုင်ပွဲကို ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းတွင် လာမည့် ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ ရက်၌ ကျင်းပရန် ရှိသည်။ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်း ဖြစ်သည်။

“ပြပွဲရော ပြိုင်ပွဲရော ဒေသထွက်ပစ္စည်းပဲ ဖြစ်ရမယ်၊ တခြား ဒေသထွက် မဖြစ်ရဘူး”ဟု ပွဲကျင်းပရေး တာဝန်ရှိသူ၊ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒု- ဦးစီးမှူး ဦးစန်းလွင်က ပြောသည်။

ပြိုင်ပွဲတွင် ဒေသအတွင်း စိုက်ပျိုးသည့် သီးနှံ၊ သစ်သီးဝလံ၊ ပန်းမာလ်တို့ အသီးလိုက်၊ အခိုင်လိုက် စသဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြပွဲအစီအစဉ်တွင် တိုင်းအတွင်း မြို့နယ် ၁၀ ခုမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စသည်တို့ကို ခင်းကျင်းပြသသွားရန်လည်း ရှိနေသည်။

ဒေသခံ လယ်ယာ ကိုင်းကျွန်း ဥယျာဉ်ခြံ စိုက်ပျိုးသူတိုင်း ပြိုင်ပွဲဝင်လိုပါက မိမိတို့ မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

အစီအစဉ်မှာ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ဖေဖေါ်ဝါရီ ၁၀ ရက်တွင် လက်ခံရန်၊ ၁၁ရက်နေ့တွင် အမှတ်ပေးရန်၊ ၁၂ ရက်နေ့တွင် ဆု ချီးမြှင့်ရန် ဖြစ်ကြောင်း ပွဲကျင်းပရေး တာဝန်ရှိသူထံမှ သိရသည်။ ချီးမြှင့်မည့် ဆုငွေပမာဏကို တိုင်းဒေသကြီးအစိုးရထံ တင်ပြထားဆဲ ဖြစ်ကြောင်း ထပ်မံ သိရသည်။

အရွက်ပြိုင်ပွဲတွင် မုန်ညင်းစိမ်း၊ မုန်ညင်းဖြူ၊ ကိုက်လန်၊ ကန်စွန်း၊ ချဉ်ပေါင် စသည်ကိုလည်းကောင်း၊ ဥစားသီးနှံပြိုင်ပွဲတွင် မုန်လာဥ၊ ကန်စွန်းဥ၊ ပီလောပီနံ၊ စိမ်းစားဥ၊ ဝဥ၊ ပိန်းဥအပြင် ပိန်းမြစ်၊ ထန်းမြစ် စသည်တို့ကိုလည်းကောင်း၊ သစ်သီး အလုံးလိုက်ပြိုင်ပွဲတွင် ဘူးသီး၊ ဖရဲသီး၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ သခွားသီး၊ သရက်သီး၊ သင်္ဘောသီး၊ မာလာကာသီး၊ အုန်းသီး၊ ကျွဲကောသီး စသည်တို့ကိုလည်းကောင်း ယှဉ်ပြိုင်ရမည်ဟု ဆို၏။

သစ်သီးဝလံ အခိုင်လိုက်ပြိုင်ပွဲတွင် ကွမ်းသီးခိုင်၊ ဓနိခိုင်၊ ထန်းခိုင်၊ ဆီအုန်းခိုင်၊ အုန်းခိုင်၊ ဌက်ပျောခိုင် စသည်တို့ကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက် အပင်လိုက် အတွဲလိုက်ပြိုင်ပွဲတွင် ရုံးပတီသီး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်၊ ပဲတောင့်ရှည်၊ ကြက်ဟင်းခါးသီးအပြင် ကြံ စသည်ကိုလည်းကောင်း၊ ပန်းအလှပြိုင်ပွဲတွင် မေမြို့ပန်း၊ ဂန္ဓမာပန်း၊ သစ္စာပန်း၊ သစ်ခွ ပန်း၊ သဇင်ပန်း စသည်တို့ကို လည်းကောင်း ယှဉ်ပြိုင်ရမည်ဟုလည်း သိရသည်။

အကဲဖြတ်စိစစ် အမှတ်ပေးရေးအဖွဲ့တွင် ထွေ/အုပ်၊ စိုက်ပျိုးရေး၊ စက်မှုလယ်ယာ စသည့် ဌာနများအပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန စသည့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးသိပ္ပံမှ ဆရာ ဆရာမများလည်း ပါဝင်မည်ဟု သိရသည်။

တင့်လွင်

ပုံစာ(များ) – စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်ပြသခဲ့သော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းမြင်ကွင်း။
(ဓါတ်ပုံ – ဖိုးရွှေသွန်း)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.