မော်လမြိုင်၊ ဇန်နဝါရီ ၂၀ ။ ။ မွန်ပြည်နယ်၏ သဘာဝ အလှတရားများကို အာဆီယံနိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝှမ်းက သိရှိနိုင်စေ၍ ပြည်နယ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မွန်ပြည်နယ်အလှ ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ပြည်နယ်အစိုးရ၏ ဦးဆောင်မှုဖြင့် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

daw san win khine

မွန်ပြည်နယ်၏ သမိုင်းယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝ အလှအပများနှင့် တိုင်းရင်းသားတို့၏ ရိုးရာ ဓလေ့များ ဖော်ထုတ်ပြသနိုင်ရန်နှင့် မွန်ပြည်နယ်၏ ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဓာတ်ပုံပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

“မွန်ပြည်နယ်ရဲ့ အလှအပကို မွန်ပြည်နယ် တစ်ခုထဲမဟုတ်ဘူး သိစေချင်တာ၊ ကျွန်မတို့ ကမ္ဘာပေါ်မှာ သိစေချင်တယ်။ ကျွန်မတို့ မွန်ပြည်နယ်က ဘယ်လောက်လှပသလဲ၊ မွန်ပြည်နယ်ကို ဧည့်သည်တွေ လာရောက်ချင်ရအောင် ဆွဲဆောင်မှုတစ်ခုအနေနဲ့ပေါ့”ဟု ဒေါ်စံဝင့်ခိုင်က ထပ်မံပြောဆိုသည်။

အဆိုပါ ဓာတ်ပုံပြိုင်ပွဲမှ ဆုရသူများကို မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၄၃ နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းနေ့မတိုင်မီတွင် ပြိုင်ပွဲဝင်ဓာတ်ပုံများကို သုံးရက် တိုင်တိုင် ခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း ဓာတ်ပုံပြိုင်ပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။

ပြိုင်ပွဲဝင် ဓာတ်ပုံများသည် သဘာဝအတိုင်းရိုက်ရမည်ဖြစ်၍ ဓာတ်ပုံကို ပြုပြင်ဖန်တီးပြီး မပြုလုပ်ရကြောင်းနှင့် မွန်ပြည်နယ်အတွင်းမှ သဘာဝအလှ ဓာတ်ပုံများကိုသာ လက်ခံသွားမည်ဖြစ်သော်လည်း မြန်မာတစ်နိုင်ငံလုံးမှ မည်သည့် ဓာတ်ပုံပညာရှင်မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီအဖွဲ့ဝင် တစ်ဦးက ရှင်းပြခဲ့သည်။

ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်းပြည်ပ ဓာတ်ပုံပြိုင်များတွင် ဆုရရှိခဲ့ဖူးသည့် ဓာတ်ပုံများကို ယှဉ်ပြိုင်ခြင်း မပြုရကြောင်းနှင့် ပြိုင်ပွဲဝင်ဓာတ်ပုံ အရွယ်အစားမှာ ၁၀ လက်မ၊ ၁၄ လက်မ အရွယ်အစား တစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း အဆိုပါ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစိုးပိုင်က ပြောသည်။

“မွန်ပြည်နယ်ရဲ့ အလှအပကိုသိအောင် ချပြတဲ့သဘောပေါ့။ မွန်ပြည်နယ်မှာ အလှအပတွေ ရှိတယ်ဆိုတဲ့ အကြောင်း နိုင်ငံသားတွေ သွားရင်းလာရင်းနဲ့ သိသွားအောင်၊ အဓိကကတော့ ကျွန်တော်တို့ဒေသ ဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်တာပါ”ဟု ဦးစိုးပိုင်က ပြောဆိုသည်။

ထို့ဓာတ်ပုံ ပြိုင်ပွဲဝင်သူများသည် မတ်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည့်သူ့ ဆက်ဆံရေးဦးစီးဌာနထံ ပေးပို့ရမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ပြိုင်ပွဲတွင် ဆုရရှိသူများကို ပထမဆု ငါးသိန်းကျပ်၊ ဒုတိယဆု လေးသိန်းငါးသောင်းကျပ်၊ တတိယဆု သုံးသိန်းကျပ်၊ အထူးဆု နှစ်သိန်းကျပ်နှင့် နှစ်သိမ့်ဆု သုံးဆုကို ဆုတစ်ဆုလျှင် တစ်သိန်းကျပ်စီဖြင့် ဆုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောကြားခဲ့သည်။

\Written by – အဂ္ဂနန်

Leave a Reply