Advertisements

မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ်အတွင်း ပြုလုပ်မည့် ဟောပြောပွဲများကို ပိတ်ပင်တားဆီးသွားမှာ မဟုတ်ပဲ လွတ်လပ်စွာပြုလုပ်နိုင်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဇူလိုင်လ ၁၀ ရက်တွင် ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

“ဟောပြောပွဲကိုတားဆီးတယ်ဆိုတာတော့ ကျွန်တော်တို့မလုပ်ပါဘူး ကျွန်တော်တို့အနေနဲ့ကတော့ ဘယ်သူတွေဟောပြောတယ်ဆိုတာလောက်ပဲ သိချင်တာဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့ ဒါကျွန်တော်တို့သိသင့်တယ်လို့ယူဆတဲ့အတွက်ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

တက္ကသိုလ်အပါအဝင် မြို့နယ်များ၌ ပြုလုပ်သော ဟောပွဲများတွင် မည်သူက ဟောပြောမည်၊ မည်သည့် အကြောင်းအရာများကို ဟောပြောမည်ဟူသော ကိစ္စရပ်အတွက် သိလို၍ စာတင်ခိုင်းခြင်းသာ ဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်က မော်လမြိုင်တက္ကသိုလ်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုနှင့် မွန်ပြည်နယ်အတွင်း ရင်ဆိုင်နေရသောသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အခက်အခဲများ ဟောပြောပွဲကျင်းပပြုလုပ်ရန်အတွက် Mawlamyine University Environment Clubက စီစဉ်ခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့တွင် ဟောပြောရန်အတွက်ခွင့်ပြုခဲ့သော်လည်း ပြန်လည်စီစစ်မည်ဟုဆိုကာ ကျောင်းအာဏာပိုင်များက ခွင့်ပြုချက် ပြန်ရုတ်သိမ်းခဲ့သည်။

ထို့နောက် တက္ကသို်လ် ကျောင်းသားများနှင့် ကျောင်းအာဏာပိုင်များအကြား နားလည်းမှု လွဲမှား၍ ဆန္ဒပြရန်အထိ စီစဉ်ခဲ့သော်လည်း ပြေလည်မှု ရရှိခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မော်လမြိုင် တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်က တက္ကသိုလ်ပါမောက္ခထံ တင်ပြထားခြင်းမရှိပဲ သီးခြားဖွဲ့စည်းထားသည့် CLUB တစ်ခုဖြစ်သည့်အတွက် ဟန့်တာသည့်သဘောဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ အနေနဲ့ နောက်မှာ တက္ကသိုလ်မှာ ပြုလုပ်မယ့် ဟောပြောပွဲတွေကို လွတ်လွတ်လပ်လပ် ပေးလုပ်ပါမယ်”ဟု ၎င်းက ဆိုသည်။

မော်လမြိုင်တက္ကသိုလ်တွင် ဟောပြောပွဲပြုလုပ်မည့် Mawlamyine University Environment Club အနေဖြင့် လက်ရှိအချိန်တွင် ၎င်းတို့၏ အဖွဲ့အစည်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြန်လည်တင်ပြထားသည့်အတွက် အဆိုပါဟောပြောပွဲကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြန်လည်ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။

Written by သက်ပိုင်

Leave a Reply