ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၄) နှစ်ပြည့် စာပေပြောပွဲ ပြုလုပ်မည်

မော်လမြိုင်၊ ဧပြီ ၂၂

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ဗဟိုသဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၄)နှစ်ပြည့် အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် မော်လမြိုင်တွင် စာပေ ဟောပြောပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် လူငယ်ညီလာခံကျင်းပရေးကော်မရှင် (မွန်ပြည်နယ်)မှ အတွင်းရေးမှူး ကိုသိန်းဇော်က ပြောကြားသည်။

ထိုစာပေ ဟောပြောပွဲကို ဧပြီ ၂၂ ရက်၊ ည ၇ နာရီအချိန်တွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်း ၊ မြို့မတံတားအရှေ့ ကွင်းပြင်ရှိ စာပေဟောပြောပွဲကွင်းမှာ ပြုလုပ်သွားမည် ဖြစ်သည်။

ယင်းဟောပြောပွဲတွင် စာရေးဆရာ ဆရာထင်လင်းဦးနှင့် ဆရာမ ခင်သန္တာတို့မှ ဟောပြောမည်ဖြစ်ပြီး လူငယ်များမှ ကဗျာ ရွတ်ဖတ်ခြင်း အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း ကိုသိန်းဇော်က ပြောသည်။

“ဘဘဦးဝင်းတင်က ကျွန်တော်တို့ လူငယ်တွေ မမေ့သင့်၊ မမေ့ထိုက်တဲ့ လူူတစ်ဦးပါ၊ ဘဘရဲ့ စိတ်ဓာတ်ဟာ လည်း ကျွန်တော်တို့ မြန်မာပြည်ရဲ့ နိုင်ငံရေးအနေအထားမှာ စံပြအတုယူ၊ လေးစားသင့်တယ် ပုဂ္ဂိုပ်ပါပဲ”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးသမိုုင်းသည့် လက်ရှိလူငယ်များနှင့် အဆက်သွယ်ပျက်ခဲ့သောကြောင့် ဦးဝင်းတင်၏ စိတ်ဓာတ်၊ အာဏာရှင်ကို ဖီဆန်ခဲ့ပုံများနှင့် လုပ်ဆောင်ချက်အကြောင်းများကို အနာဂတ်လူငယ်များ သိစေရန် ထိုစာပေ ဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ဆရာကြီးဦးဝင်းတင်နှင့် ပတ်သတ်သည့် စာပေဟောပြောပွဲများ၊ ဆရာကြီး၏ အထ္ထုပ္ပတိအကြောင်း ဖော်ပြခြင်းများပြုလုပ်ပေးခြင်းသည့် လူငယ်များအတွက် အကျိုးရှိကြောင်း မော်လမြိုင်မြို့မှ ကိုမင်းခန့်ဖြိုးက ပြောသည်။

“ဆရာကြီးနဲ့ပတ်သတ်တဲ့အကြောင်းတွေကို လူငယ်တွေသိသင့်တယ်ဗျ၊ အမှန်တိုင်းပြောရရင် ကျွန်တော်လဲ ဆရာကြီးရေးတဲ့စာအုပ်တွေပဲ ဖတ်ဖူးတယ်၊ ဆရာကြီးအကြောင်းတွေ၊ လုပ်ဆောင်ချက်တွေတော့ မသိဘူးဗျ”ဟု ၎င်းက ပြောသည်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ၂ဝ၁၄ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက်(၈၅)နှစ်ရှိပြီးဖြစ်သည်။

Written by ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.