Advertisements

ယနေ့ လူထုများထဲတွင်အကိုက်အခဲပျောက်ဆေးများကို ဖောဖောသီသီသုံးစွဲနေကြသည်။ လွယ်လင့်တကူ လက်လှမ်းမီသောကြောင့်လည်းဖြစ်သည်။ ခါးနာလျှင် ပါရာစီတမော(paracetamol)လေးသောက်၊ ဇက်ကြောထိုးလျှင် ဒိုင်ဂလို(diclofenac)လေးသောက်လိုက်နှင့် အကိုက်အခဲပျောက်ဆေးများကိုပဲကြီးလှော်အလားသုံးစွဲနေကြသည်။ ထို့အပြင် ရုပ်မြင်သံကြားတွင်လွှင့်သော ကိုးရီးယားဇာတ်လမ်းတွဲများတွင်လည်း ပါရာစီတမောများအပါအဝင် အကိုက်အခဲပျောက်ဆေးများစွာကို သကြားလုံးလေးများဝါးစားနေသကဲ့သို့ တင်ပြနေသောအခါတွင် ကျွန်တော်တို့လူထုများက အတုမြင်အတတ်သင်နေကြတော့သည်။

“အကိုက်အခဲပျောက်ဆေး အသုံးများလျှင် ဘာဆိုးကျိုးများရရှိနိုင်သလဲ” ဟု ကျွန်တော်ကိုအသိမိတ်ဆွေတစ်ယောက်ကမေးဖူးသည်။ အရာရာတိုင်းတွင် တန်ဆေးလွန်ဘေး ဟူသောစကားအတိုင်းပင်ဖြစ်သည်။ အကိုက်အခဲပျောက်ဆေးများကို သင့်တော်သောနေရာတွင်သုံးစွဲလျှင်အလွန်အကျိုးရှိသည်။ ထို့အပြင် ဖောဖောသီသီသုံးစွဲလျှင်မူ အလွန်ဆိုးကျိုးပေးသောဆေးအမျိုးအစားဖြစ်သည်။”မြန်မာနိုင်ငံမှာဆေးအသစ်တစ်မျိုးပေါ်ပြီဆိုလျှင် ထိုဆေးနဲ့ပတ်သက်သောရောဂါဖြစ်ပွားမှုနှုန်းထက်ဝက်ခန့်က ချက်ချင်းကျသွားတယ်။ အဲဒါပေမဲ့ တစ်နှစ်ကျော်ကျော်လောက်ကြာလျှင်တော့ ထိုဆေးတွေကမတိုးတော့ဘူး။ ဘာလို့လဲဆို ဆေးတွေကိုအလွဲသုံးစားနှင့် ချင့်ချင့်ချိန်ချိန်မှ မသုံးကြတာကွာ”ဟု ဆရာကြီးတစ်ယောက်ပြောသောစကားကိုအမှတ်ရမိသည်။

အကိုက်အခဲပျောက်ဆေး၏ ဆိုးကျိုးများတွင် မြန်မာနိုင်ငံ၌အတွေ့ရအများဆုံးမှာ အစာအိမ်ပေါက်ခြင်းနှင့် ကျောက်ကပ်ရောင်ခြင်းတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် အစာအိမ်သွေးကြောပေါက်ခြင်းနှင့် အစာအိမ်ပေါက်ခြင်း၏ အဓိကအကြောင်းအရင်းမှာ အကိုက်အခဲပျောက်ဆေးများကြောင့်ဖြစ်သည်။ ထို့ကြောင့်အကိုက်အခဲပျောက်ဆေးများကိုညွှန်ကြားလျှင် ဆရာဝန်များနှင့်ဆေးပညာရှင်များက အစာနဲ့ခံသောက်ဟုလည်းကောင်း သို့မဟုတ် အစာအိမ်ဆေးတစ်မျိုးမျိုးနှင့်တွဲ၍ ပေးကြသည်။ လက်လုပ်လက်စားအလုပ်သမားများသည် တစ်နေ့တာပင်ပန်းစွာလုပ်ကိုင်ခဲ့ပြီးနောက် ညဘက်အိပ်ရာဝင်ချိန်တွင် အညောင်းအညာပြေစေရန် အကိုက်အခဲပျောက်ဆေးများကို သောက်သုံးတတ်ကြသည်။ ထိုသို့ကြာသောအခါတွင် ဗိုက်အောင့်ဗိုက်နာခံစားရမည်။ သို့မဟုတ် အစာနှင့်သွေးအန်တတ်ကြသည်။ ထိုလက္ခဏာသည်အကိုက်အခဲကြောင့် အစာအိမ်ထိခိုက်သောလက္ခဏာဖြစ်သည်။ ထို့အပြင် အချိန်ကြာမြင့်စွာသုံးစွဲပါက ကျောက်ကပ်ရောင်ရမ်းခြင်းနှင့် အခန့်မသင့်လျှင်ကျောက်ကပ်ဓာတ်ပျက်ခြင်းများလည်းဖြစ်တတ်သည်။

အကိုက်အခဲဆိုသည်မှာ ဖျားနာခြင်း၊ ယောင်ရမ်းခြင်းနှင့် နာကျင်မှုကိုသက်သာစေသောဆေးဖြစ်သည်။ အကိုက်အခဲပျောက်ဆေးအမျိုးအစားတွင်အဓိကအုပ်စုနှစ်မျိုးရှိသည်။ ဘိန်းနှင့်ဆက်စပ်သော အကိုက်အခဲပျောက်ဆေးများ(opoid related analgesic)နှင့် ဘိန်းမဟုတ်သောအခြားအကိုက်အခဲပျောက်ဆေးများ(non opoid related analgesic)ဖြစ်သည်။ ဘိန်းနှင့်ဆက်စပ်နေသော အကိုက်အခဲပျောက်ဆေးများတွင် ကင်ဆာလူနာများနှင့် လူတစ်ယောက်၏နောက်ဆုံးထွက်သက်အချိန်တွင် အဆင်ပြေစေရန်သုံးစွဲကြသည်။ ယခုဈေးကွက်တွင်ရောင်းချနေသော အကိုက်အခဲပျောက်ဆေးများမှာ ဘိန်းမဟုတ်သောအကိုက်အခဲပျောက်ဆေများဖြစ်သည်။ ထိုဆေးသည်ခန္ဓာကိုယ်တွင်ရှိ ရောင်ရမ်းခြင်းကိုဖြစ်ပေါ်စေသော ဓာတ်တစ်မျိုးကို သွားပိတ်ကာ ရောင်ရမ်းခြင်းနှင့် ဖျားနာခြင်းကိုသက်သာစေသည်။ ထိုအပြင် ဦးနှောက်အာရုံကြောများကို အာရုံခံစားမှုထုံထိုင်းစေသောကြောင့် မူးခြင်းနှင့် ကယောင်ချောက်ချားများလည်းဖြစ်ပေါ်စေသည်။အကိုက်အခဲပျောက်ဆေးများကိုသုံးစွဲလျှင် သမားတော်ကြီးများသည် ထိုကဲ့သို့ ကောင်းကျိုးဆိုးကျိုးများကို ချင့်ချိန်၍ညွှန်ကြားကြသည်။ သို့သော်လူထုကမူ ရောဂါတစ်ခုဖြစ်သော် ပါရာစီတမော သောက်ပျောက် လုပ်နေကြသည်။

ယနေ့ခေတ်တွင် အကိုက်အခဲပျောက်ဆေးများကို ကုမ္ပဏီမျိုးစုံမှ ပုံစံမျိုးစုံဖြင့်ထုတ်လုပ်ရောင်းချနေကြသည်။ ဆေးလုံး၊ ဆေးတောင့်၊ ဆေးအမှုန့်၊ ဆေးအရည်၊ ထိုးဆေးများနှင့် ဒုံးကျည်တောက်ပုံစံများရှိသော အကိုက်အခဲပျောက်ဆေးများကို ဆေးဆိုင်တိုင်းတွင်ဝယ်ယူရရှိနေနိုင်သည်။ ထိုအခါပြည်သူများကလည်း ဖောဖောသီသီဝယ်ယူသုံးစွဲနေလေသည်။ နိုင်ငံတကာတွင် ဆေးဝါးများရောင်းချမှု နှစ်မျိုးခွဲခြားထားသည်။ Over The Counter ဆေးဆိုင်တွင်အလွယ်တကူမေးဝယ်၍ရသောဆေးနှင့် Prescription Only Drug ဆရာဝန်ညွှန်ကြားချက်ပါမှဝယ်ယူရရှိနိုင်သောဆေးများဖြစ်သည်။ အကိုက်အခဲပျောက်ဆေးများသည် ဒုတိယအမျိုးအစားတွင်ပါဝင်ကာ ဆရာဝန်၏ညွှန်ကြားချက်ပါမှရောင်းချခွင့်ရှိသည်။ သို့သော်ကျွန်တော်တို့နိုင်ငံတွင်မူ ထိုစံနစ်ထိရောက်မှုအားနည်းနေသည်။ ထိုအခါလူထုကလည်း ဆေးများကိုအလွဲသုံးစားလုပ်ကြတော့သည်။ ထို့အခါဘေးထွက်ဆိုးကျိုးများကို အလွယ်တကူခံစားရလေတော့သည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံ၏ ကျန်းမာရေးညွှန်းကိန်းသည် ကမ္ဘာပေါ်တွင် အောက်ဆုံးအဆင့် ၁၉၀ ဖြစ်သည်။ အကြောင်းအရင်းမှာ ကျန်းမာရေးအသိပညာနောက်ကျခြင်းကြောင့်ဖြစ်သည်။ ထိုအပြင်အလွယ်လိုက်သောကြောင့်လည်းဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်သည်ဆိုသောစကားအတိုင်း အလွယ်တကူဝယ်ယူရရှိနေသောဆေးများကို လက်လွတ်စပယ်သုံးစွဲမည့်အစား ကျွမ်းကျင်ပညာရှင်များနှင့်တိုင်ပင်ပြသသင့်ပေသည်။ ။

Written by ဒေါက်ဦး (မွန်)

Photo from drmyanmar

Ref: wikipaedia, Mayo clinic analgesic and Abdominal pain

Advertisements
<

Leave a Reply