Advertisements

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်ထွက် ကွမ်းရွက်ကို ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရာတွင် ပေးဆောင်ရသော အကောက်အခွန်ခများ မြင့်တက်လာသောကြောင့် အခက်အခဲ ဖြစ်နေသည်ဟု လုပ်ငန်းရှင်များက ပြောဆိုသည်။

ယခင်က ရေးနှင့် ကျိုက်ထိုမြို့မှ ကွမ်းရွက်များကို ဝယ်ယူတင်ပို့နေသော်လည်း တင်ပို့ခ ကောက်ခံမှု များသောကြောင့် ကွမ်းရောင်းဝယ်ရေးကို နားထားကြောင်း မော်လမြိုင်မြို့မှ ကွမ်းရောင်းဝယ်သူ မအေးအေးမာက ပြောသည်။

“အခွန်အခတွေကို မလျော့ပေးဘူးဆိုရင်တော့ ကွမ်းတင်ပို့တာကတော့ အခြေအနေမကောင်းနိုင်ဘူး။ အခုဆို ကုန်သည်တွေကလည်း အဝယ်နားထားကြတယ်။ လက်ထဲရှိတာလေးပဲ ရောင်းနေကြတယ်”ဟု ၎င်းက ပြောသည်။

အကောက်အခွန်ခများ ပေးဆောင်ရာတွင် ယခင်ထက် တစ်ပိဿာလျှင် ကျပ် ၃၀၀ မှ ၅၀၀ အထိ တိုးမြှင့်ကောက်ခံလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ပြည်နယ်အတွင်း စိုက်ပျိုးသော ကွမ်းရွက်များကို မလေးရှားနှင့် အိန္ဒိယနိုင်ငံသို့ အဓိကထား တင်ပို့နေပြီး ပြည်တွင်း၌ မွန်ပြည်နယ်ရှိ မြို့များနှင့် ကရင်ပြည်နယ်ကို တင်ပို့လျက်ရှိသည်။

ဇွန်လသည် ကွမ်းစိုက်ပျိုးရန် အသင့်တော်ဆုံးအချိန် ဖြစ်သော်လည်း လက်လီလက်ကားဝယ်ယူသူ နည်းပါးနေသောကြောင့် ကွမ်းသစ် ထပ်မံစိုက်ပျိုးရန် အဆင်မပြေဖြစ်နေကြောင်း ရေးမြို့နယ်မှ ကွမ်းစိုက်တောင်သူ ဦးအောင်ဖေက ပြောကြားသည်။

“ကွမ်းကို မလေးက ဝယ်တယ်။ ဒီနှစ်တော့ မလေးကလည်း မဝယ်တော့ဘူး။ သူတို့နိုင်ငံမှာရော၊ ဒီမှာတော့ တင်ပို့တဲ့အခါ အခွန်ခတွေအများကြီးပေးနေရတော့ ဝယ်လက်ကမရှိတော့ဘူးလေ။ ဈေးလည်းတအား ကျနေတော့ ထပ်စိုက်ဖို့ မရဲဘူးပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

ယခင်နှစ် ဇွန်လတွင် ကွမ်းရွက်တစ်ပိဿာ ၆,ဝဝဝ ကျပ် ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ၂,၈ဝဝ ကျပ်ထိ ကျဆင်းသွားပြီး ကုန်သည်များ ဝယ်ယူမှုလည်း မရှိသလောက်ဖြစ်နေကြောင်း ဆက်လက်ပြောသည်။

သို့သော်လည်း ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လတို့တွင်မူ တရုတ်အဝယ်လိုက်၍ ကွမ်းရွက်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ အထိ ဈေးမြင့်တက်ခဲ့သည်။

မွန်ပြည်နယ်တွင် ကွမ်းရွက်များကို ရေးနှင့် ကျိုက်ထိုမြို့နယ်တို့ အဓိကထား စိုက်ပျိုးလျက်ရှိသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply