မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်ရှိ ဌာနဆိုင်ရာများက အကောင်အထည် မဖော်ဖြစ်သည့် လုပ်ငန်းများ၏ ပြန်အပ်ငွေ ၁ ဒဿမ ၃ ဘီလီယံကို ပြည်နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၌ ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်၊ စီမံကိန်း ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။

“ဒီဇင်ဘာလဆိုရင် ကျွန်တော်တို့က ဌာနဆိုင်ရာတွေကို ဘတ်ဂျတ်ပေးထားတာလေ။ ဘတ်ဂျတ်တွေကို လုပ်ငန်း မပြီးလောက်တော့ဘူး ဆိုတဲ့ဟာမျိုးကို ပြန်အပ်ဖို့ ဌာနဆိုင်ရာတွေကို ကျွန်တော်တို့ တောင်းထားတယ်”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်ရှိ ဌာနဆိုင်ရာ ၂၅ ခုကို လုပ်ငန်းဆောင်ရွက်ရန် ဘတ်ဂျတ်ငွေ ချပေးထားပြီး ယင်းငွေများဖြင့် ဌာနအချို့က လုပ်ငန်းပြီးစီးအောင် မဆောင်ရွက်နိုင်သည့်အတွက် ယင်းပိုလျှံငွေများကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီပိုလျှံငွေတွေကို စည်ပင်ကို လွှဲပေးမယ် စည်ပင်ကနေ ကြီးကြပ်ပြီး လုပ်သွားမယ်။ ဒါပေမယ့် လုပ်ငန်း ရွေးချယ်ရင် ကျွန်တော်တို့ အစိုးရအဖွဲ့ကပဲ ရွေးချယ်မယ်”ဟု မွန်ပြည်နယ်၊ စီမံကိန်း ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။

ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းဆောင်ရွက်ရန် အဓိက ဦးစားပေးလုပ်ငန်းအနေဖြင့် လမ်း၊ တံတား၊ ရေတွင်း၊ ရေကန် လုပ်ငန်းများကို နှစ်လအတွင်း ပြီးနိုင်သည့် လုပ်ငန်းမျိုးကို ရွေးချယ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“အစိုးရအဖွဲ့က ကျွန်တော်တို့ဆီ မလွှဲရသေးဘူး။ လွှဲလာရင် ကျွန်တော့်မှာ ဒီနှစ်ဘတ်ဂျတ်အတွက် မြို့နယ်အလိုက် ဆွဲထားပြီးသားရှိတယ်၊ ဒါပေမယ့် ဒီနှစ်ဘတ်ဂျတ်ထဲမှာ မပါတဲ့အတွက်ကြောင့် လမ်းဆိုလမ်း၊ တံတားဆိုတံတား၊ ကျွန်တော် အကုန်လုပ်ထားတယ်”ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

ပိုလျှံငွေများကို ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းဆောင်ရွက်ရာတွင် ခရိုင်အဆင့်ကို ဦးစားပေးလုပ်သွားမည် ဖြစ်ပြီး ယင်းမှတစ်ဆင့် မြို့နယ်အဆင့်၊ ကျေးရွာအဆင့်တို့ကို လုပ်ငန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွက် ငွေကျပ်သိန်းပေါင်း ၆၃၉ ဒဿမ ၂၇၇ သိန်း ပိုလျှံငွေ ရရှိခဲ့ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

Written by – ရောင်နီဝင်၊ အဂ္ဂနန်

Leave a Reply