Advertisements

အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေသည့် သရုပ်ဆောင် ရဲမင်းပိုင်က အက်ရှင်ဇာတ်ကားများဖြင့် ရုပ်ရှင်ဈေးကွက်ကို ဦးတည်နိုင်မည့် အကြောင်းအရာများကို ရင်ဖွင့်ပြောကြားခဲ့သည်။

”အက်ရှင်ကားဆိုတာက မရှိရင်လည်းမဖြစ်ဘူးလေ၊ အရင်တုန်းက မြန်မာဗီဒီယိုလောကမှာဆိုရင်တော့ ဖိုက်တင်အက်ရှင်
ကားတွေ စပေါ်လာတယ်။ ဒါပေမဲ့ ၁၉၉၃ – ၁၉၉၄ ခုနှစ်လောက်ကစပြီးတော့ မြို့လယ်ကောင်မှာ ဖိုက်တင်ထိုးတာတွေ၊  ကြိတ်တာတွေမရတော့ဘူးဆိုပြီး ဆင်ဆာကနေ သတိပေးခြင်းကို ခံရတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော်တို့က တောဘက်၊ နယ်ဘက်တွေကို အမှီပြုပြီးတော့ ဖန်တီးရတဲ့ဇာတ်လမ်းတွေနဲ့ ဖိုက်တင်ပြန်ရိုက်ရတယ်။

တောဇာတ်လမ်းတွေကို အခြေခံပြီး ဖိုက်တင်ခန်းတွေရိုက်ရတော့ ကျွန်တော်တို့ကလည်း နောက်ဆုံးမှာ ဖိုက်တင်သမားဘဝကို ရောက်သွားကြတယ်။အဲ့ဒါကြောင့် ကျွန်တော်တို့ကလည်း တောမင်းသား၊ နယ်မင်းသားတွေ ဖြစ်ကုန်ကြတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ကို တောမှာရှိတဲ့လူတွေကမှ တကယ်အားပေးတာပါ။ သူတို့က ကျွန်တော်တို့ကို ထမင်းကျွေးနေတာပါ။ ရန်ကုန်မြို့လယ်ကောင်မှာရှိတဲ့ လူတန်းစားကျတော့ ရုပ်ရှင်ကြည့်ဖို့အတွက် သူတို့မှာ အချိန်မပေးနိုင်ဘူး။

ကျွန်တော်တို့နိုင်ငံမှာက ဖိုက်တင်ကားရိုက်ရင် လူ အင်အားများများသုံးပြီး ရိုက်ရတဲ့အနေအထားမရှိဘူး။ အဓိက ဖိုက်တင်မင်းသားတွေ၊ မင်းသမီးတွေရှိဖို့လိုတဲ့အပြင် ဖိုက်တင်ကားကိုရိုက်တတ် တဲ့ဒါရိုက်တာတွေလည်းလိုတယ်။

နောက်တစ်ခုက ရိုက်ချက်တွေ၊  ကင်မရာအယူအဆတွေနဲ့ ဇာတ်လမ်းပုံစံတွေကလည်း အရေးကြီးတာဆိုတော့ အားလုံးကောင်းမှ ဖိုက်တင်ကားကောင်းကောင်း ဖြစ်လာမှာပါ။ ကျွန်တော်တို့ဆီမှာ ပြည်ပကိုထုတ်ဖို့၊ ဖြန့်ဖို့ အစွမ်းအစသိပ်မရှိသေးဘူး။ ဒါပေမဲ့ ကြိုးစားနေကြတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအပြင် ကမ္ဘာနိုင်ငံအသီးသီးကိုရောက်နေတဲ့ မြန်မာပြည်သားတွေအားလုံးက ကိုယ့်နိုင်ငံကရုပ်ရှင်ကားတွေကို အိမ်နီးချင်းနိုင်ငံတွေကို ရောက်စေချင်တယ်၊ ပြစေချင်ကြတယ်” ဟု ရဲမင်းပိုင်က ပြောသည်။

ရဲမင်းပိုင်သည် လက်၇ှိတွင် ဒါရိုက်တာဂျိုးရိုက်ကူးနေသော ကာဗာ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

Written by ခင်ပြည့်စုံဟန်

Advertisements
<

Leave a Reply