ကိပ်တောင်း နိုဝင်ဘာ

တောင်အာဖရိကနိုင်ငံ ပြည်ထဲရေး ဝန်ကြီး Gigabaသည် အကျင့်ပျက်ခြစားမှု သတင်းဆိုးများကြောင့် ရာထူးမှ နုတ်ထွက်ရန် နိုဝင်ဘာ ၁၃ ရက်က သမ္မတ Ramaphosa ထံ စာတင်ခဲ့ရာ သမ္မတက စာကို လက်ခံခဲ့ကြောင်း တောင်အာဖရိကသမ္မတရုံးက ယင်းနေ့တွင် ပြောကြားခဲ့သည်။

Gigabaသည် အစိုးရနှင့်ပြည်သူလူထုအတွက် ရေရှည် အကျိုး ထမ်းဆောင်ခဲ့ဖူးသောကြောင့် ကျေးဇူး တင်ရှိကြောင်း ၊ လက်ရှိ သယ်ယူပို့ဆောင်ရေးဝန်ကြီး Nzimandeကို ပြည်ထဲရေးဝန်ကြီး နေရာတွင် ယာယီပူးတွဲတာဝန်ထမ်းဆောင်ရန် ခန့်အပ်ထားကြောင်း သမ္မတရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ရာထူးမှ နုတ်ထွက်ရခြင်းမှာ မိမိအကျိုးအမြတ်ထက် နိုင်ငံနှင့် အာဏာရပါတီAfrican National Congress (ANC)၏အကျိုးကို ရှေးရှု၍ ဖြစ်ကြောင်း၊ သမ္မတအနေဖြင့်ရင်ဆိုင်နေရသည့် ဖိအားများ လျော့နည်းသွားပြီး လက်ရှိစီးပွားရေးအခက်အခဲမှ ရုန်းထွက်ကာ ပြည်သူလူထု၏အကျိုးကို အားထားဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း Gigabaက ၎င်း၏ နုတ်ထွက်စာတွင် ရေးသားထားသည်။

ထိုမတိုင်မီ အစောပိုင်းကာလက အကျင့်ပျက်ခြစားမှုသတင်းဆိုးများကြောင့် Gigabaကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများ အများအပြားရှိခဲ့သည်။ အတိုက်အခံပါတီက Gigabaသည် အိန္ဒိယ ဂူပါတာမိသားစုနှင့် ပူးပေါင်းပြီး နိုင်ငံ၏ ဘဏ္ဍာအရင်းအမြစ်များကို ခိုးယူနေသည်ဟု အပြစ်တင်ပြောဆိုခဲ့သည်။

Ref: CNN

Leave a Reply