အကြမ်းဖက်ခံ အမျိုးသမီးများအား စစ်ဆေးရာတွင် အမျိုးသမီးရှေ့နေနှင့်ရဲမေများကို တာဝန်ပေးရန် တိုက်တွန်း

ထားဝယ် အောက်တိုဘာ

အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား ရဲစခန်းနှင့် တရားရုံးများ၌ စစ်ဆေးရာတွင် အမျိုးသမီးရှေ့နေနှင့် ရဲမေများကို ထားရှိပေးပြီး သင့်တင့်လျောက်ပတ်သော နေရာနှင့် လုံခြုံသောနေရာများ ဖန်တီးပေးရန် ထားဝယ်အမျိုးသမီးသမဂ္ဂက တိုက်တွန်းတောင်းဆိုလိုက်သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေးလုပ်ငန်းစဉ်အခြေအနေနှင့် အတွေ့အကြုံများ သတင်းစာရှင်းလင်းပွဲကို အဆိုပါသမဂ္ဂက ထားဝယ်မြို့၊ ဇေယျာထက်စံဟိုတယ်ခန်းမတွင် အောက်တိုဘာ၃၁ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့သည်။

မုဒိမ်းမှုများစစ်ဆေးရာတွင် အများအားဖြင့် သက်ဆိုင်ရာ အမျိုးသမီးဝန်ထမ်းများကိုယ်တိုင် စစ်ဆေးမှုမရှိခြင်း၊ သင့်တင့်လျောက်ပတ်သောနေရာနှင့် လုံခြုံမှုရှိသော နေရာမရှိ ခြင်း၊ ဝန်ထမ်းများ ဆက်ဆံရေး မပြေပြစ်ခြင်း စသော အချက်များကို ကြုံတွေ့နေရကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သတင်းထုတ်ပြန်ချက်တွင် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား စစ်ဆေးစဉ် အမျိုးသ မီးရှေ့နေနှင့်ရဲမေထားပေးရန်၊လုံခြုံသောနေရာများဖန်တီးပေးရန်အပါအဝင်ကျူးလွန်ခံရသူအမျိုးသမီးအမှုများအားစစ်ဆေးကြားနာသည့်အခါလုပ်ထုံးလုပ်နည်းအတိုင်း သီးသန့်နေရာတွင်စစ်ဆေးမှုပြုလုပ်ရန်၊ကျူးလွန်သည့်တရားခံများကိုပြစ်မှုပြစ်ဒဏ်နှင့်အညီထိရောက်စွာစီရင်ပေးရန်စသော အချက် ၁၁ချက်ကို ပြုလုပ်ပေးရန် သဘောထားထုတ်ပြန်၍ အကြံပြုတိုက်တွန်းထားသည်။

“အမှုတွေ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတဖို့အတွက်ရယ်၊ မှန်မှန်ကန်ကန် တရားမျှတမှု ရရှိဖို့အတွက်ဆိုရင်တော့ ခံရသူကို အမျိုးသမီးရဲမေက စစ်ဆေးမယ်ဆိုရင် အားသာမှု အများကြီးရှိလာမယ်လို့ ထင်ပါတယ်”ဟု ယင်းသမဂ္ဂမှ အမျိုးသမီးစင်တာ(မြိတ်) တာဝန်ခံ မယ်ပြုံးမာလာလွင်က ဆိုသည်။

သမဂ္ဂအထွေ ထွေအတွင်းရေးမှူးနန်းမာလာကလည်း အကြမ်းဖက်ခံရသော အမျိုးသမီးများက မိမိတို့ထံ ပွင့်လင်းစွာ ပြောဆိုပြီး ရဲစခန်းတွင် အားလုံးပြောမရဘဲ ချန်ထားခြင်းကြောင့် အကယ်၍ အမျိုးသမီးရဲမေက စစ်ဆေးလျှင် ယုံကြည်မှုပိုရှိမည်ဟု အကြံပြုသည်။

အကြမ်းဖက်ခံရသူ ဖေးကူရေးအတွက် လာမည့် ၂၀၁၉ ခုနှစ်တွင် ရဲဝန်ထမ်းများ၊ အစိုးရပိုင်းရှိ အမျိုးသမီးဝန်ထမ်းများကို ပညာပေး ဆွေးနွေးမှု စတင်ရန် လုပ်ငန်းအစီအစဉ် ရေးဆွဲနေပြီဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာ လူကြီးများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန်လည်း ရှိကြောင်း သူမက ဆိုသည်။

ထားဝယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးထံ ဟင်္သာမီဒီယာက ဆက်သွယ်မေးမြန်းရာတွင် ယခုအခါ မုဒိမ်းမှုကို စစ်ဆေးပါက စခန်းမှူး ညွှန်ကြားချက်အရ ရဲမေက တာဝန်ယူ စစ်ဆေးရကြောင်း၊ ရဲမေ မရှိသေးမီ ယခင်ကာလကမူ ရဲတပ်ဖွဲ့ဝင် တစ်ဦးဦး၏ ဇနီးသည်ကို အကူအညီတောင်း၍ စစ်ဆေးမေးမြန်းစေရကြောင်း ပြောဆိုသည်။

ထားဝယ်အမျိုးသမီးသမဂ္ဂကို ၁၉၉၅ခု မေလ ၅ရက်နေ့ တွင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ခုမှ ယခုနှစ် အောက်တိုဘာလကုန်အတွင်း အမျိုးသမီးများအကြမ်းဖက်ခံရမှုပေါင်း ၁၈၁မှုကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.