Advertisements

လုံခြုံရေးကင်းစခန်းများကို ဘင်္ဂါလီအကြမ်းဖက်သမားများက တိုက်ခိုက်ပြီးနောက် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ အရှိန်မြင့်တက်လာသည်နှင့်အတူ စကားလုံးစစ်ပွဲများကလည်း နိုင်ငံပိုင်မီဒီယာများ၊ တပ်မတော်သတင်းစာရှင်းလင်းပွဲများနှင့် လူမှုကွန်ရက်တစ်ခွင်တွင် ပြင်းထန်လာသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပျက်သည့် အဖြစ်အပျက်များနှင့် ပတ်သက်၍ သူ့ဘက်ကိုယ့်ဘက်ဆွဲလျက် ချဲ့ကားပြောဆိုတတ်ကြရာ လွတ်လပ်သော သတင်းမီဒီယာများနှင့် သုတေသနပညာရှင်များအနေဖြင့် တကယ့်အချက်အလက်ကို ရယူရန်မလွယ်ပေ။

မကြာခင်ကပေါ်ပေါက်လာသော ဘင်္ဂါလီအကြမ်းဖက်အဖွဲ့အစည်းARSAသည် ရဲစခန်းသုံးဆယ်ခန့်နှင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့ရှိ တပ်မတော်ကင်းစခန်းများကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုမှာလည်း ကိုဖီအာနန်ဦးဆောင်သော ရခိုင် ပြည်နယ်အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာထုတ်ပြန်ချိန်နှင့်တစ်ချိန်တည်း တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်(၁၂)ဦး၊ တပ်မတော်သားတစ်ဦး၊ အရပ်ဘက် အစိုးရဝန် ထမ်းများလည်းကျဆုံးခဲ့ရသည်။ ထို့အတူ ယင်းတိုက်ပွဲတွင် ဘင်္ဂါလီအကြမ်းဖက်သမား၁၀၀ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။ တပ်မတော်က စစ်သည်အင်အားများ တိုးချဲ့စေလွှတ်ကာ နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ ထို့အတူ၂၀၁၆ခုနှစ် အောက်တိုဘာ၉ရက်တွင် လုံခြုံရေးစခန်းများကို ဘင်္ဂါလီအကြမ်း ဖက်သမားများက တိုက်ခိုက်မှုအပြီးတွင်လည်း တပ်မတော်က ထိုကဲ့သို့နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ဖူးသည်။

ပြီးခဲ့သည့်အပတ်အတွင်းတွင် ဘင်္ဂါလီလူမျိုးပေါင်း နှစ်သောင်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ကြောင်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့က ခန့်မှန်းထားသည်။ ပြီးခဲ့သည့်လများအတွင်းကလည်း ဘင်္ဂါလီပေါင်း၈၇၀၀၀ခန့် ထွက်ပြေးခဲ့ရသည်ဟုဆိုသည်။ ထို့အတူ ယခုပေါ်ပေါက်လာသော တိုက်ခိုက်မှုများကြောင့် ရခိုင်တိုင်းရင်းသားများနှင့် မြိုလူမျိုးထောင်ပေါင်းများစွလည်း ရွှေ့ပြောင်းနေထိုင်ခဲ့ရသကဲ့သို့ စစ်တွေမြို့သို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

ARSA အကြမ်းဖက်သမားများသည် ရွာပေါင်းများစွာကိုတိုက်ခိုက်ခြင်း၊ မြိုတိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များကိုအစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်း၊ ကလေးငယ်များကိုဓားဖြတ်ခုတ်သတ်ခြင်း၊ ဗုဒ္ဓဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များ၏အိမ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်ဟု အစိုးရကဆိုသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကထုတ်ပြန်သော ဂြိုဟ်တုဓာတ်ပုံများတွင် နေရာတော်တော်များများတွင် မီးလောင်နေမှုများကို တွေ့ မြင်ခဲ့ရသည်။

အစိုးရ တာဝန်ရှိသူအချို့ကတော့ အိမ်ပေါင်း ၂၅၀၀ ခန့် မီးရှို့ခံခဲ့ရသည်ဟု ဆိုသည်။
ချက်ချင်းပင်၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ကြောင်း အစိုးရကကြေညာခဲ့သည်။ စိတ်ဝင်စားဖွယ်ကောင်းသော ထုတ်ပြန်ချက်တစ်ခုကတော့ ‘အစွန်းရောက်အကြမ်းဖက်သမားများနှင့် ဆက်နွှယ်မှုကိုသတိပေးခြင်း’ဟု ခေါင်းစဉ်တပ်ထား သောကြေညာချက်ဖြစ်သည်။ ထိုကြေညာချက်ထဲတွင် နိုင်ငံခြားသားများကARSAအဖွဲ့ကို အကူအညီပေးမှုများရှိနေကြောင်း၊ အဆိုပါအဖွဲ့ ကိုလည်း သူပုန်များဟုမသုံးဘဲ အကြမ်းဖက်သမားများဟု သုံးနှုန်းကြရန်လိုကြောင်း ဖော်ပြထားသည်။

နေပြည်တော်တွင် တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးဌာနက သတင်းစာရှင်းလင်းပွဲပြုလုပ်လျက် အစိုးရနှင့်တပ်မတော်တို့သည်ARSAအဖွဲ့၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ပြည်သူလူထုကိုချပြရန် ကြိုးစားခဲ့သည်။ ပြီးခဲ့သည့်အပတ်က ရန်ကုန်တွင်ပြုလုပ်သော သံတမန်များနှင့် တွေ့ဆုံပွဲတွင် ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် အမျိုးသားကာကွယ်ရေးအကြံပေးဦးသောင်းထွန်တို့က လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ‘ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း’ ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ State Counsellor Aung San Suu Kyi’s office’s Information Committee လူမှုကွန်ရက်ပေ့ဂျ်သည် ရခိုင်ကိစ္စများနှင့်ပတ်သက်၍ သတင်းများကိုလနှင့်ချီ၍အဆက်မပြတ် တင်ပေးနေခဲ့သည်။ သို့သော်ပြီးခဲ့သည့်ရက် ပိုင်းအတွင်းကတော့ အဆိုပါလူမှုကွန်ရက်ပေ့ဂျ် ၏ နာမည်ကို ‘Information Committee’ ဟု ပြောင်းခဲ့သည်။

ယင်းလူမှုကွန်ရက်ပေ့ဂျ်သည် ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်မှစကာ အကြမ်းဖက် တိုက် ခိုက်မှုများ၊ သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ၊ အကြမ်းဖက်သမား ဖမ်းဆီးရမိမှုများကို ‘အစွန်း ရောက် ARSA အကြမ်းဖက်သမားသတင်း’ ဟူသော ခေါင်းစဉ်များနှင့် သတင်းထုတ်ပြန်ခဲ့ သည်။
သို့သော် အကြမ်းဖက်သမားများထံမှ ဖမ်းဆီးရမိသော နိုင်ငံတကာမှ ထောက်ပံ့ထားသည့် ထောက်ပံ့ရေးပစ္စည်းများ ဓာတ်ပုံကို အဆိုပါကော်မတီက ထုတ်ပြန်ခဲ့ခြင်းက စကားလုံးစစ်ပွဲ၏ အဆိုးဆုံးအခြေအနေကို ပြသနေသည်။ အစိုးရအနေဖြင့် ယခင်ကတည်းကပင် ဖမ်းဆီးရမိထားသောလက်နက်များ၊ ကျည်ဆံများ၊ ဂျင်ဂလိများနှင့် လက်လုပ်ဗုံးများအပါအဝင် ဖမ်းဆီးရမိထားသောပစ္စည်းများကို အကြမ်းဖက်တိုက်ခိုက်ခံရမှု၏ သက်သေခံပစ္စည်းများအဖြစ် ထုတ်ဖော်ပြသခြင်းအားဖြင့် တိုင်းပြည်အတွင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများပေါ်ပေါက်နေပြီဟု ပုံဖော်လေ့ရှိခဲ့သည်။

ထို့အပြင် ဖမ်းဆီးရမိသောကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ၏ စွမ်းအားဖြည့်ဘီစကစ်များ၊ အကူအညီပေးရေးအဖွဲ့အစည်းများက ထောက်ပံ့ထားသည့် ပစ္စည်းများဖြင့် လုပ်ထားသည့် လက်လုပ်ဗုံးများ၏ ဓာတ်ပုံများက အဆိုပါကော်မတီက ထုတ်ပြန်ခြင်းကား အကြမ်းဖက်လုပ်ရပ်များ လုပ်နေပါသည်ဆိုသည်ထက် နိုင်ငံခြားထောက်ပံ့ရေးအဖွဲ့အစည်းများအပေါ် ပြည်သူများ၏မကျေနပ်မှုများ၊ ၎င်းတို့အပေါ်ရန်လိုမှုများ ပေါ်ပေါက်လာအောင်ရည်ရွယ်လျက် တည်ဆောက်ထားသော သက်သေများဖြစ်သည်။

ဤကဲ့သို သတင်းထုတ်ပြန်မှုအပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်မည်မျှလွှမ်းမိုးမှုရှိသည်ဆိုမှာ ရှင်းရှင်းလင်းလင်းမရှိသကဲ့သို့ ယခင် အစိုးရလက်ထက်ကတည်းက သမ္မတ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် လုပ်ကိုင်ခဲ့သော် သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကသာ သတင်းများကို အဓိကထုတ်ပြန်နေသလားဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်းမရှိပေ။ လေ့လာသုံးသပ်သူများကတော့ ဒေါ်အောင်ဆန်းစုကြည်မှာ ပဋိပက္ခဖြစ်ပွားမှုများမှ သတင်းအချက်အလက် များ၊ မောင်တောသို့ ဝင်ထွက်ခွင့်များနှင့် ပတ်သက်၍ တပ်မတော်၏ချုပ်ကိုင်ထားမှုအောက် တွင်သာရှိနေသည်ဟု မြင်ကြသည်။

အရပ်သားအစိုးရကို အပြစ်တင်နေခြင်းထက် တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကသတင်းများကို မည်သို့ပေးပို့သလဲဆိုသည်ကို နောက်ထပ် လေ့လာဆန်းစစ်မှုများလုပ်ရန်လည်း လိုအပ်သည်။ သို့သော် လူမျိုးရေးတံဆိပ်ကပ်ခြင်း၊ နိုင်ငံတကာကူညီထောက်ပံ့ရေးအဖွဲ့ အစည်းများကို ပုံရိပ်ဆိုးပေါ်ပေါက်အောင် ပုံဖော်နေခြင်းအပါအဝင် တရားဝင်ထုတ်ပြန်နေသော ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ တိုင်းပြည်၏ အဓိကခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သာ ခေါင်းခံရမည်ဖြစ်သည်။

ထို့အတူပင် ပဋိပက္ခဖြစ်ပွားရာ ဒေသသို့ သွားရောက်ခွင့် မရခြင်း၊ ယုံကြည်ရသော သတင်းရင်းမြစ်များ မရှိခြင်းကြောင့် နိုင်ငံတကာမီဒီယာများတွင်လည်း ချဲ့ကားထားသော သတင်းများ၊ ဦးတည်ချက် လွဲစေနိုင်သော သတင်းများ မကြာခဏဖော်ပြနေသည်။ နိုင်ငံတကာက အဆိုပါသတင်းများကို အတည်ယူ၍ အစိုးရကို ဖိအားပေးလာသည့်အခါ အစိုးရအနေဖြင့်လည်း ဖိအားဒဏ်ကို ခံစားလာရဖွယ်ရှိ သည်။

ထို့အတူ ဘင်္ဂါလီသတင်းမီဒီယာများကလည်း ချဲ့ကားထားသောသတင်းများ၊ အမှန်တစ်ဝက်အမှားတစ်ဝက်သတင်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက လူ့အခွင့်အရေး ချိုးဖောက်နေသည်ဆိုသည့် ချဲ့ကားထားသည့် ဗီဒီယိုများ၊ ဓာတ်ပုံများကို ဖြန့်ဝေလျက်ရှိသည်။ ယခုတစ်ကြိမ်တွင်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် တော့ သတင်းမှားလွှင့်ခြင်းများသာ ပလူပျံလျက် ရှိသည်။

ထိုနည်းတူစွာပင် ARSA အဖွဲ့သည်လည်း အနောက်တိုင်းမီဒီယာများကို ရည်ရွယ်လျက် တွစ်တာတွင် အင်္ဂလိပ်လို ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း၊ ၎င်းတို့အနေဖြင့် အမှန်တကယ်တွင် တိုင်းရင်းသာရခိုင်များနှင့်အတူ ငြိမ်းချမ်းစွာနေလိုပါသည်ဆိုသည့် အဓိပ္ပာယ်မျိုးဖြစ်အောင် သတင်းထုတ်ပြန်ခြင်းစသည့် အဆင့်မြင့်သော အများပြည်သူ ဆက်ဆံရေးလုပ်ငန်းများကို မဟာဗျူဟာကျကျ လုပ်ဆောင်လျက် တစ်ဖက်ကလည်း ၎င်းတို့ ကြုံတွေ့နေရသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများကို အဆုံးသတ်ရန်အတွက် ၎င်းတို့ဘက်မှရပ်တည်ပေးကြရန် ကုလသမဂ္ဂကို အသနားခံခြင်းများ ဖြစ်လုပ်နေသည်။

ARSA မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ တပ်မတော်က မေယုတောင်တန်းပေါ်ရှိ ၎င်းတို့၏ အခြေစိုက်စခန်းများ၊ လေ့ကျင့်ရေး စခန်းများကို တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည့်အတွက် လက်ဦးမှုရယူ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဤသို့ လုပ်ဆောင်ခြင်းမှာလည်း အာရုံလွှဲသည့်အနေဖြင့် ဗျူဟာကျကျ လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှု မတိုင်မီတွင် မြို တိုင်းရင်းသားများစွာနှင့် အစိုးရ၏ သတင်းပေးများကို ARSA အဖွဲ့က သတ်ဖြတ်ခဲ့သည့်အတွက် လက်တုံ့ပြန်ရန် တပ်မတော်က စစ်သည်တွေ စေလွှတ်ထားခြင်းကြောင့်ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ပြန်ရန်အတွက် ရခိုင်နိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်များကို ရေးတိုးမြှင့်ကြရန် တိုက်တွန်းခဲ့သည်။ ARSA ပြောရေးဆိုခွင့်ရှိသူကတော့ ၎င်းတို့ လူမျိုးများမှာ ‘လူမျိုးတုံး သတ်ဖြတ်မှုရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ ကိုယ့်လူမျိုးကို ကာကွယ်ရမယ်’ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၉ ရက် နေ့တိုက်ခိုက်မှုနှင့်ပတ်သက်၍ အစိုးရ၏စုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ နိုင်ငံတကာက လက်ခံထားကြသော လူမျိုးတုံးသတ်ဖြတ်မှုရှိသည်ဆိုသည့်အချက်ကို ပြင်းပြင်းထန်ထန် ငြင်းပယ်ခဲ့သည်။ ထိုကဲ့သို့ ငြင်းခဲ့ခြင်းကြောင့် နိုင်ငံတကာကမကျေမနပ်ဖြစ်ကာ လွတ်လပ်သော ပြင်ပအဖွဲ့အစည်းတစ်ရပ်က စုံစမ်းစစ်ဆေးမှုလုပ်ရန် တိုက်တွန်းခဲ့ကြသည်။

ထိုကဲ့သို့ သူ့ဘက်ကိုယ့်ဘက်ယက်၍ ပြောဆိုရေးသားနေမှုများကား ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည်များ၏ တကယ့်အချက်အလက်များကို ဖုံးကွယ်နေသကဲ့သို့ ပဋိပက္ခဖြေရှင်းကာ ပြန်လည်ရင်ကြားစေ့အဖြေရှာရေးများ၏ အလားအလာကိုလည်း ဖျက်ဆီးနေသည်။ ထို့အပြင် အခြေအနေတွေက လူတော်တော်များများခန့် မှန်းစိုးရိမ်နေသလို ဖြစ်နေသည်။ အပြတ်အသတ်တိုက်ခိုက်မည့် စစ်ပွဲဆီသို့ ဦးတည်နေ ခြင်းပင်။

Source: Spin, lies and social media obscure crisis in Myanmar by David Scott Mathieson

Written by – မင်းသူအောင်

Advertisements
<

Leave a Reply