မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ပြည်သူ့အားကစားရုံတွင် မေ ၆ရက်ကပြုလုပ်နေသည့် မွန်လူ မျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ နိုင်ငံရေးကဏ္ဍဆွေးနွေးခြင်းအစီအစဉ်။

ရေး၊ မေ ၆

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယနေ့၊ မေ ၆ရက်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝသယံဇာတ ကဏ္ဍလေးရပ်နှင့်သက်ဆိုင်သည့် အခြေခံမူဝါဒများကို အကြိတ်အနယ် ဆွေးနွေးလျှက်ရှိကြသည်။

မွန်ပြည်နယ်ရေးမြို့ရှိ ပြည်သူ့ အားကစားရုံ၊ အ.ထ.က(၁)ကျောင်း နှင့် တစ်ပလ္လင် နှစ်ဆူဓမ္မာရုံတို့တွင် နေရာခွဲ၍ နံနက် ၉နာရီမှ ၄နာရီခွဲထိ သီးသန့်စီဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံရေးကဏ္ဍ၌ဆွေးနွေးရန် အချုပ်အခြာ အာဏာပိုင်(Sovereign Power)၊ အမျိုးသားတန်းတူရေး(Equality)၊ ကိုယ်ပိုင်ပြဌာန်းခွင့်(Self-determinations)၊ ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံ၊ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်း၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းခွင့်၊ လူနည်းစုအခွင့်အရေးအား ကာကွယ်ခြင်း(Minority Rights)စသည့်ခေါင်းစဉ်ငယ်များချမှတ်ထားသည်။

 

ထို့ပြင်ပါတီစုံ ဒီမိုကရေစီစနစ်(Multi- party Democracy System)၊ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေး၊ နီုင်ငံသားအခွင့်အရေးနှင့် ကျား၊မ တန်းတူရေး(Democracy,Human Right and Gender Equality) နှင့် ဘာသာရေးကို အခြေခံသည့် နိုင်ငံတော် (Secular State) စသဖြင့်ပါဝင်ပြီး ယင်းအခြေခံမူ ၁၀ ချက်ကို ပြည်သူ့အားကစားရုံ၌ ဆွေးနွေးနေကြခြင်းဖြစ်သည်။

စီးပွားရေးကဏ္ဍဆွေးနွေးခြင်းကို အ.ထ.က (၁)ကျောင်း ပညာရတနာခန်းမတွင်ပြုလုပ်နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံမူ၊ အကောက်ခွန် နှင့် အခွန် ခွဲဝေခြင်း၊ ငွေကြေးကိစ္စ၊ အမျိုးသားစီမံကိန်းများ(ဆိပ်ကမ်း)၊ ခရီးသွားလုပ်ငန်းကိစ္စ၊ ကူးသန်းရောင်းဝယ်ရေး၊ နည်းပညာဆိုင်ရာ အရင်းအမြစ်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ စသည့် အခြေခံ မူဝါဒ ၁၀ချက်ကို ဆွေးနွေးနေကြသည်။

အ.ထ.က (၁) ၊ ဘုရားဆောင်တွင်ပြုလုပ်သည့် လူမှုရေးကဏ္ဍ ဆွေးနွေးခြင်းတွင် ပြည်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဉ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အခြေခံမူများနှင့် လုပ်ငန်းစဉ်များ၊ မူးယစ်ဆေးဝါးကဏ္ဍဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဉ်များ၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ် အခြေခံမူများ နှင့် လုပ်ငန်းစဉ်များ စသည့် မူဝါဒများကို ဆွေးနွေးကြပြီး နံနက်ပိုင်း၌ ရွေ့ပြောင်းအလုပ်သမားများ ဘဝလုံခြုံရေး စသည်တို့ပါဝင်သည်။

မွန်ဓမ္မာရုံတွင်ပြုလုပ်သည့် မြေယာနှင့် သဘာဝသယံဇာတဆွေးနွေးမှုများတွင် ဖက်ဒရယ်စနစ်ကို အခြေခံသော မြေယာဆိုင်ရာ အခြေခံမူများ၊ ဖက်ဒရယ်စနစ်ကို အခြေခံသော သံယံဇာတ စီမံခန့်ခွဲရေးနှင့် ခွဲဝေရေး မူဝါဒ နှင့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးမူဝါဒများ စသည့်ခေါင်းစဉ်တို့ပါဝင်သည်။

မေ ၅ရက်တွင်စတင်သည့် ဆွေးနွေးပွဲများကို ပါတီကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ အပါအဝင် ၅ဝဝ ကျော် တက်ရောက် ဆွေးနွေးနေကြသည်။ ယင်းနောက် မေ ၇ ရက်နောက်ဆုံးနေ့ဆွေးနွေးမှုများအပြီးတွင် ထွက်ပေါ်လာသောရလဒ်များကို စုစည်းကာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)မှတဆင့် ၂၁ရာစုပင်လုံညီလာခံသို့တင်သွင်းရန် စီစဉ်ထားကြသည်။

written by ထိုက်ထိုက်၊ ဂေထော

Leave a Reply