Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၁၆

မွန်ပြည်နယ်အတွင်းရှိ တိုးလ်ဂိတ်များတွင် လမ်း၊ တံတားအသုံးပြုခ ကောက်ခံရာတွင် အကြွေးအမ်းမှု အဆင်ပြေရေးအတွက် ကျပ်ဆယ်ဂဏန်း အစွန်းထွက်များကို ရာပြည်နှုန်းများဖြင့် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကြည်သွင်ဦးက ပြောသည်။

BOT စနစ်ဖြင့် ကောက်ခံသည့် ဂိတ်များတွင် အကြွေပြန်းအမ်းရာတွင် ပြဿနာများ ဖြစ်ပေါ်နေခြင်းကို ဖြေရှင်းသည့် အနေဖြင့် ၁၅၀ ကျပ်နှင့် အထက် ကောက်ခံသည့်နှုန်းထားများကို ၂၀၀ ကျပ်ဖြင့် ကောက်ခံပြီး ၁၅၀ ကျပ်အောက် ကောက်ခံသည့်နှုန်းထားများကို ၁၀၀ ကျပ်သာ ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အကြွေပြန်အမ်းတဲ့ ပြဿနာတွေက နောက်ပိုင်းကျတော့ ကြီးလာတယ်၊ တချို့ကျတော့လည်း ပေးလိုက်တာပေါ့နော်၊ ၁၈၅ ကျပ်တို့မှာ ဆယ်ဂဏန်းစွန်းတို့ တချို့ကျတော့လည်း မရဘူး၊ ပြန်အန်းတို့ဘာတို့ ဖြစ်လာတယ်။ ဂိတ်မှာလည်း အကြွေပြဿနာတွေကဖြစ်လာတယ်။ BOT ကုမ္မဏီတွေကလည်း တင်ပြလာကြတယ်”ဟု ဦးကြည်သွင်ဦးက ဆိုသည်။

အဆိုပါ ကောက်ခံသည့် နှုန်းထားများကို အများပြည်သူများ သိရှိစေရန်အတွက် နိုဝင်ဘာလတွင် ပညာပေး ကာလအဖြစ် BOT စနစ်ကောက်ခံသည့် တိုးလ်ဂိတ်များတွင် ပိုစ်စတာများ စိုက်ထူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယင်းသို့ ကောက်ခံခြင်းကြောင့် ကုမ္ပဏီဘက်မှလည်း အကြွေပြန်အမ်းရာတွင် အဆင်ပြေစေပြီး အကြွေပြန်အမ်းရာတွင် ပြဿနာများ ဖြစ်ပေါ်နေခြင်းကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အေးကိုမိသားစု ဆောက်လုပ်ရေး ကုမ္မဏီလီမီတက်မှ မန်နေဂျာ ဦးမင်းမင်းဦးက ပြောသည်။

“ဒီလိုကောက်ခံတဲ့အတွက်ကြောင့် ကျွန်တော်တို့တွက်လည်း အများကြီး မနစ်နာဘူး၊ လမ်းအသုံးပြုသူ ဘက်ကလည်း မနစ်နာဘူး။ နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်။ ပြဿနာလည်း ဖြေရှင်းရာ ရောက်တယ်”ဟု ဦးမင်းမင်းဦးက ပြောဆိုသည်။

မွန်ပြည်နယ်တွင်း BOT စနစ်ဖြင့် လမ်းအသုံးပြုခ ကောက်ခံနေသော ရွှေသံလွင် ဆောက်လုပ်ရေး ကုမ္မဏီလီမီတက်နှင့် အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္ပဏီလီမီတက် နှစ်ခုရှိကြောင်း မွန်ပြည်နယ် လမ်းဦးစီးဌာနမှ သိရသည်။

Written by – ရင်ငြိမ်းချမ်း

Advertisements
<

Leave a Reply