မြန်မာနိုင်ငံ အရေးပေါ် လူမှု ကယ်ဆယ်ရေးအသင်း (Mawlamyine Rescue) ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် တွေ့ဆုံခြင်း

recuse

ဟင်္သာ ။ ။ မြန်မာနိုင်ငံ အရေးပေါ် လူမှုကယ်ဆယ်ရေးအသင်း (Mawlamyine Rescue) ကို ဘယ်အချိန်လောက်တုန်းက စတင်တင်ထူထောင်ခဲ့တာလဲ။
ACO ။ ။ ဒီအသင်းကတော့ မြဝတီကနေ စဖွင့်တာပါ။ မြဝတီက ဥက္ကဋ္ဌ ဦးလှထွတ်းကနေ စတင်ခဲ့တာပါ။ သင်္ကြန်မတိုင်ခင် လူနာစကောက်တယ်။ ၂၀၁၅ ခုနှစ်လောက်ကပေါ့၊ ကားတစ်စီးနဲ့ပဲပေါ့။ အဲ့တုန်းက ရှိတဲ့လူနဲ့ပဲ အဓိကတော သင်္ကြန်မှာ မတော်တဆမှုတွေများတယ်။ အဲ့တော့ သင်္ကြန်အမှီလေးပေါ့။ စတော့ တောင်ပေါ် လမ်းလျှောက်အသင်းက လူနာကူကားတစ်စီး။ အဖွဲ့ရယ်လို့တော့လည်း မဟုတ်သေးဘူး၊ စလုပ်တုန်းက အင်အားက ရှစ်ယောက်လောက်ပဲ ရှိတယ်။ လူလေးငါးယောက်နဲ့ စခဲ့တယ်။

ဟင်္သာ ။ ။ ဆရာတို့ ဒီအသင်းကို စထောင်တော့ ဘယ်လို အခက်အခဲတွေရှိလဲ။
ACO ။ ။ စထောင်တုန်းက အခက်အခဲက ဘာရှိလဲဆိုတော့၊ ယာဉ်တိုက်မှုတွေမှာ လူနာကို သွားကိုင်တဲ့ခါကျရင် ရပ်ကွက်က တချို့လူတွေက ပေးမကိုင်ဘူး၊ ရဲလာမှ ကိုင်ရမယ်၊ ရဲကို စောင့်ရအုံးမယ် ပြောတယ်။ ရဲကိုစောင့်စရာ မလိုဘူး ပြောရတယ်၊ နောက်ဆုံး ဒီအဖွဲ့ပေါ်လာတည်းကိုက လူနာကို ကောက်လို့ရတယ်။ ရဲကိုစောင့်စရာ မလိုဘူး။ ရဲကိုစောင့်ရင် လူနာက သေဖို့ပဲရှိတယ်။ ဥပဒေက ပြောင်းသွားပြီလေ။

ဟင်္သာ။ ။ ဆရာတို့ ကယ်ဆယ်ရေး လုပ်ငန်းက ၂၄ နာရီ အချိန်ပြည့် ဆောင်ရွက်နေတာလာ ခင်ဗျား။
ACO ။ ။ ဟုတ် ဒီလုပ်ငန်းက ၂၄ နာရီလုံး ဂျူတီချိန်လေးတွေနဲ့ လည်ပတ်နေတာပါ။

ဟင်္သာ ။ ။ ဒီလုပ်ငန်း ရေရှည်တည်တန့်ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ ခင်ဗျား။
ACO ။ ။ ရေရှည်တည်တန့်ဖို့တွက်က အဖွဲ့ဝင်တွေ လိုအပ်တယ်။ အဖွဲ့ဝင်ဆိုတာက ကိုယ့်အဖွဲ့ကို စိတ်ဝင်စားတဲ့လူ၊ ငွေကောက်ခံလို့ရတဲ့ အလှူရှင်ပေါ့။ တစ်လကို တစ်ထောင်နိုင်လည်း တစ်ထောင်၊ ငါးရာနိုင်လည်း ငါးရာ အဲ့လိုပုံမှန် ပေးနိုင်မယ့် အစီအစဉ်တစ်ခုရှိမယ်။ နောက်ပြီးတော့ ငွေပဒေးသာပင်ရင်း ခေါင်းစဉ်နဲ့ပေါ့၊ ဘဏ်မှာ အကောက်တစ်ခု ဖွင့်လိုက်မယ်။ ပြီးရင် အဲ့မှာ ငွေထည့်သွားမယ်။ လုံးဝ မထုတ်ဘဲနဲ့ အဲ့ကရတဲ့ အမြတ်ကိုဘဲ ဒီအဖွဲ့မှာပဲ ပြန်ပြီးတော့ လည်ပတ်လို့ ရတယ်။ ပတ်တီးတို့ ဆေးတို့ ဝယ်တာတွေ၊ လက်အိတ်ဖိုးတွေ၊ နှာခေါင်းစည်းတွေ ဝယ်ရမယ်။ ပြီးရင် ကားဆီဖိုးတွက် လိုအပ်တယ်။ ကားဆီဖိုးက တစ်လကို သုံးသိန်းကျော်လောက် ကုန်တယ်။ အခမ်းအနားတွေ ဘာတွေ ရှိရင်လည်း အဝေးသွားရတယ်လေ။ အဲ့ခါလည်း ကုန်တာပဲ။ နောက် မြို့ထဲမှာလည်း ကုန်တာပဲ။ ရန်ကုန်လူနာပို့ တဲ့ခါလည်း ကုန်တာပဲ။ ဒါပေမယ့် ရန်ကုန်ကိုတော့ နှုန်းတစ်ခုတော့ သတ်မှတ်ထားတယ်။ မတတ်နိုင်တဲ့လူတွေ ငွေကြေးလုံးဝမရှိဘူး။ မသွားမဖြစ် သွားရမယ်။ အဲ့လိုမျိုးလူကျရင်တော့ အခမဲ့ဖြစ်ပါစေ။ ဒါမှမဟုတ် ဆီဖိုးဖြစ်လောက်လေး။ လှူနိုင်သလောက်ပဲ။ တချိ့ကျတော့ အထူးကုမှာ သွားပြတယ်။ အဲ့ဒါကို နှုန်းတစ်ခုသတ်မှတ်ပြီး အဲ့ကရတဲ့ငွေကို အသင်းမှာ ပြန်သုံးတယ်။ အရင်တုန်းကတော့ ရန်ကုန် လုံးဝကို မသွားဘူး။ နောက်ပိုင်း ငွေကြေးအခက်အခဲ ဖြစ်လာတော့ ရန်ကုန်တော့ တစ်လကို လေးငါး ခေါက်လောက် သွားရမယ်။ ဒါမှ ပိုကပ်ဆံနိုင်တဲ့ လူတွေဆီက ဆီဖိုးတွေနှုတ်ပြီး ပိုတဲ့ငွေရမှ နည်းနည်း အသက်ရှုချောင်တယ်။ သက်သက်တော့ အလှူခံပြီး လိုက်မသွားဘူး။ အလှူခံတယ်ဆိုတာက ရေဘေး၊ လေဘေး၊ နောက် စစ်ဘေး၊ သူများတွက်ကျတော့ အလှူခံပေးတယ်။ ကိုယ့်အသင်းအတွက်ကျတော့ မြို့ပတ်ပြီး အလှူမခံဘူး။ သိတဲ့သူငယ်ချင်းတွေ ကိုယ်ပြောလို့ရတဲ့ လူတွေဆီတော့ ဖုန်းဆက်လိုက်တာပေါ့။ ဒီလောက်ပါပဲ။ အကြောင်းကြားလိုက်ရင် သူတို့ လာလှူပေးတယ်။ တချို့ကျတော့ ရုံးမှာ လာကြည့်တယ်။ ဘာလိုအပ်လဲ လိုအပ်တာရှိရင် လာလှူသွားတယ်။ နောက်တော့ ကားတွေမှာ မီးသတ်ဗူးတွေ လိုအပ်တယ်။ ကားတစ်စီးမှာ တစ်ဗူးလောက်တော့ ရှိသင့်တယ်။ နောက် ကားအလှူရှင် ပေါ်လာရင်လည်း တစ်ချို့က ကားဘဲလှူတယ်။ အထဲက ပစ္စည်းက ၁၀ သိန်းဖိုးလောက် ပြန်ထည့်ရတယ်။ အဲ့ဒါတွေ လိုအပ်လာတော့ အသင်းရန်ပုံငွေထဲက ပြန်သုံးရတာပေါ့။ နောက်အသင်းရဲ့ ရုံးရန်ပုံငွေလို့ လှူထားတဲ့ ငွေတွေကို အသင်းသားတွေက သုံးစွဲပိုင်ခွင့် မရှိဘူး။ တချို့ကတော့ အဲ့ဒီအသင်းသားတွေတွက် သီးသန့် လှူတာတွေ ရှိတယ်။ အဲ့ဒါမျိုးကျရင်တော့ အသင်းသားတွေက စားလို့ရတယ်။ နောက် ဝတ်စုံတွေ ဘာတွေလိုအပ်တယ်။ တစ်ချို့ကျတော့ ဆင်းရဲတဲ့ခါကျတော့ ဝတ်စုံကို ကိုယ်ပိုင်ငွေနဲ့ မဝယ်နိုင်ဘူး။ အသင်းသားတွက် ခေါင်းစဉ်တက်ထားတဲ့ ငွေထဲကနေပဲ သုံးရတာပေါ့။ ခုချိန်မှာကတော့ အင်အားက ၂၀ လောက်နဲ့ လည်ပတ်နေတယ်။ တစ်ခါတစ်လေ လာလုပ်တဲ့ လူနဲ့ဆို ၃၀ နီးပါးလောက်ရှိမယ်။ ကားခြောက်စီးရှိတယ်။ သုံးစီးကတော့ ရန်ကုန်သွားလို့ရတယ်။

ဟင်္သာ။ ။ ဒီလို အခက်အခဲတွေကို အစိုးရအနေက ဘယ်လိုမျိုး ထောက်ပံ့ပေးရင် အဆင်ပြေနိုင်ပါသလဲ။
ACO။ ။ အခက်အခဲတွေမှာဆို ကျွန်တော်တို့ဆီမှာ ရုံးမြေနေရာ မရှိဘူး။ မြေနေရာရှိရင် အဆောက်အဦ လှူမယ့်လူကတော့ အဆင်သင့်ရှိတယ်။ တချို့ကတော့လည်း ဆယ်သိန်းလောက် ဖြစ်ဖြစ်၊ ငါးသိန်းလောက် ဖြစ်ဖြစ် မတည်လိုက်မယ်။ နိုင်သလောက် ထည့်ကြမယ့် လူတွေရှိတော့ အဆောက်အဦကတော့ ဖြစ်သွားမှာပါ။ သုံးလလောကို အဆောက်အဦးက ဖြစ်သွားမှာပါ။ အစိုးရ အဖွဲ့ကိုတော့ တင်ထားတာပဲ။ ဒါပေမယ့် လူနာတင်ယာဉ် ထွက်လို့လွယ်တဲ့ နေရာ၊ တစ်ခုခုဖြစ်လို့ရှိရင် အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို သွားလို့ လွယ်တဲ့နေရာပဲ ဖြစ်ရမယ်။ မြို့ပြင်တို့လို အလှမ်းဝေးတဲ့ နေရာတော့ မဖြစ်ရဘူး။ ဝေးတဲ့ နေရာကျတော့ ဟိုထိပ်ကနေ ဒီထိပ်သွားရင် လူနာကို ကြုံတဲ့ကားနဲ့ ကောက်တင်သွားလိုက်မယ်။

ဟင်္သာ။ ။ သင်တန်ပေးတာကျတော့ ဘယ်လိုမျိုးပေးတာလည်း ပြောပြပေးပါလား ခင်ဗျား။
ACO။ ။ သင်တန်းကျတော့ မြို့ခံတွေခေါ်မှပဲ ဖွင့်တယ်။ သင်တန်းပေးတာကျတော့ ငါးရက်ပေးတယ်။ ညအိပ် ညနေ သင်တန်းသားရယ်၊ နည်းပြကတော့ မြို့အစုံကနေ ခေါ်ရတယ်။ အရင်က မြဝတီ တစ်မြို့ထဲရှိတော့ မြဝတီကနေ သင်တန်းဆရာတွေ လာတယ်။ သင်တန်းတစ်ခါ ဖွင့်ရင်လည်း မြို့ခံတွေက အလှူငွေတွေနဲ့ ဆုဆောင်းတဲ့ ငွေတွေနဲ့ ဖွင့်ရတယ်။ နောက်ပြီး ဘုန်းကြီးကျောင်းမှာ ဖွင့်တာများတယ်။ နေရေး စားရေးတွေ မကုန်တော့ဘူး။

ဟင်္သာ။ ။ ဆရာတို့ လူနာပို့လို့ ဆေးရုံရောက်ရင်ရော ဘယ်လို အခက်အခဲတွေရှိလဲ။
ACO။ ။ အခုတော့ မရှိတော့ပါဘူး။ အရင်ကတော့ လူနာသွားပို့ရင် ဘယ်အဖွဲ့လည်း၊ ဘယ်အဖွဲ့က သယ်လာတာလဲ ။ ခုတော့ သိသွားပါပြီး။ သွားနေကြ များလာတော့။ အရင်တုန်းကတော လူနာစောင့်ပါလား။ လူနာမည်က ဘာလဲ။ အဲ့လိုမေးတာတွေတော့ ရှိပါတယ်။ ဆိုင်ကယ် တိုက်မှုဖြစ်ရင် ပါလာတဲ့ ပစ္စည်းတွေ ဆိုင်ကယ်ဘောက်ပါရင် ဘောက်ဖွင့်ပြီး ဘာတွေရှိလဲ ရှိတာကို အားလုံးသက်သေတွေရှေ့မှာ ဓာတ်ပုံရိုက်ပြီး ဆေးရုံက ဆရာမတွေကို လက်မှတ်ထိုးပြီး တစ်ခါတည်း ပြန်အပ်တယ်။

ဟင်္သာ။ ။ မနှစ်မျို့စရာတွေ ကိုင်ရတာတွေရှိတော့ ဘယ်လိုစိတ်ထားနိုင်မှ ဒီအလုပ်ကို လုပ်နိုင်ပါသလဲ။
ACO။ ။ အများစုကတော့ နာရေးကူညီမှု အသင်းကလူတွေ များတယ်။ အဲ့ဒါကျတော့ ဘာမှ အခက်အခဲ မရှိပါဘူး။ အပြင်လူတစ်ယောက် အနေနဲ့ကတော့ အခက်အခဲတော့ ရှိတယ်။ တကယ်တန်း လုပ်ရဲကိုင်ရဲအောင် သင်တန်းမဆင်းခင် မနက်မှာ တစ်ခုခုနဲ့ သွေးအတုနဲ့ ဖန်းနတီးပြီးတော့ လေ့ကျင့်ပေးတယ်။ အဲ့ဒီတော့မှ သွေးမြင်ရင် မကြောက်တော့ဘူး။ မိမိကိုယ် မိမိ ကာကွယ်ဖို့တွက်တော့ ဘီပိုး ကာကွယ်ဆေးတွေတော့ ထိုးထားရတယ်။

ဟင်္သာ။ ။ ဆရာတို့ဆီမှာ အသင်းဝင်မယ်ဆိုရင်ရော ဘာတွေလိုအပ်သလဲ။ ဘယ်လိုဝင်ရမလဲ။
ACO။ ။ အသင်းဝင်ချင်တယ်ဆိုရင်တော့ လက်ရှိအသင်းသား တစ်ယောက်ယောက်နဲ့ ဆက်သွယ်ပြီးတော့ နီးစပ်ရာရုံးတွေမှာ စာရင်းပေးလိုက်ပါ။ ဘာတွေလိုလဲဆိုတော့ ပုံစံဖြည့်ရမယ်။ ကိုယ်ရေးအချက်အလက်တွေ၊ မှတ်ပုံတင်။ နောက်ပြီး ရဲစခန်းထောက်ခံစာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ အဲ့ဒါတွေ အားလုံးပါမှ သင်တန်းသား အဖြစ်လက်ခံမယ်။

Leave a Reply