၅။ ကျောင်းနေခွင့်မရသော ကလေးငယ်ပေါင်းများစွာကို ကျောင်းဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိအောင် စွမ်းဆောင်နိုင်ခြင်းက ၎င်းတို့မိသားစုစီးပွားရေး အဆင်ပြေခြင်းသာ အဓိကကျနေပြီးလော။

“သား ကျောင်းတော့ ပြန်တက်ချင်တာပေါ့”ဟုဆိုလေသူမှာ ကရင်နှင့်မွန်ပြည်နယ်တွင် လိုက်လံတောင်းရမ်းနေသော ဖိုးသားဖြစ်သည်။ အသက်၁၀ နှစ်ဟုဆိုသော်လည်း ၎င်း၏ ကိုယ်ခန္ဓာမှာ ခြောက် နှစ် ခန့်သာ ရှိသည်ဟု ထင်မှတ်ရအောင် သေးငယ် ကြုံလှီလှ၏။

၎င်းသည် ဖခင်ဆုံးပါးပြီးနောက် မိခင်နှင့်အတူကြုံရာကျပန်းအလုပ်လုပ်ကိုင်နေရာမှ တောင်းရမ်းသူ တစ်ဦးဖြစ်လာသူ တစ်ဦး။

ဖိုးသား ယခုလိုလုပ်ကိုင်ရသည့်အကြောင်းတစ်ရပ်တွင် မိခင် ဒေါ်တင်တင် (အမည်လွှဲ) နာတာရှည် ရင်ကျပ် ရောဂါ ခံစား နေရခြင်းက အဓိကဖြစ်၏။

၎င်းတို့ မိသားစုတွင် မိသားစုဝင် လေးဦးရှိသော်လည်း အစ်ကိုဖြစ်သူများမှာ လွန်ခဲ့သည့် သုံးနှစ်ကျော်က ကရင်ပြည်နယ် ဘက်၌ လိုက်လံ တောင်းရမ်းရင်း ပျောက်သွားခဲ့သည်။

“သား အရင်ကတော့ ကျောင်းတက်တယ်၊ အဖေ မသေခင်ကပေါ့။ အဖေသေတော့ သားကျောင်းတက်လို့ မရတော့ ဘူးလေ”ဟု ပထမတန်းအထိပညာသင်ကြားဖူးသူ ဖိုးသားကပြောသည်။

ထိုသို့ပြောဆိုစဉ် ဝတ်ဆင်ထားသည့် အင်္ကျီအဖြူရောင်မှာ ဟောင်းနွမ်းလွန်းလှသဖြင့် နီညိုရောင် အဆင်ပေါက်နေပြီး၊ ဘောင်းဘီမှာလည်း အောက်ပိုင်းမှာ စုတ်ပြဲနေသည်။ ထိုမျှမကသေး ခြေထောက်တွင်လည်း ဖိနပ်ကမရှိ။

ဖိုးသား တို့သည် ယခုအခါ မော်လမြိုင်မြို့ ၊ မြေနီကုန်းရပ်ကွက်ရှိ ရထားဘူတာရုံအနောက်ပိုင်း၌ အိမ်ငှားပြီး နေထိုင်ကြသည်။

အိမ်လခသည် တစ်လ ခြောက်သောင်းဖြစ်၍ ဖိုးသားမှာ တစ်နေ့ ကျပ် ၅၀၀၀ ခန့်ရအောင် ရှာဖွေရပြီး တစ်နေ့ ကျပ် ၂၀၀၀ နှုန်းဖြင့် အိမ်ရှင်ကို ပေးသွင်းရသည်။

ဖိုးသား၏ စိတ်ကူးမှာ အမေ မသေခင်အထိ ရှာဖွေ ကျွေးမွေးမည်ဖြစ်ပြီး၊ အမေ မရှိတော့ပါက ဘုန်းကြီးကျောင်းတွင် စာသင်ချင်သည်။ သူ၏ တစ်ခုတည်းသော အိပ်မက်မှာ စစ်သားကြီးဖြစ်ချင်သူဟူ၍ပင်။

ဖိုးသား၏ စိတ်နေစိတ်ထားကို မိခင် ဒေါ်တင်တင်ကယခုလိုပြောသည်။ “သားငယ်က အရမ်းကိုတွေးတာ၊ မေးလည်း မေးတယ်။ ကျွန်မကလည်း ပညာမတတ်ဘူးလေ။ ဘယ်ဖြေနိုင်မလဲ။ သူကတော့ အမြဲတမ်းကို မေးနေတော့ ကျွန်မက အော်ရဆူရတယ်။ ကျောင်းတက်ချင်တယ်လို့တော့ ပြောပါတယ်”ဟူ၍ဖြစ်သည်။

ဖိုးသားကို ကျောင်းထားရာတွင် စာသင်ကျောင်းမှ စာအုပ်၊ ခဲတံတို့ ထောက်ပံ့ပေးမည်ဟု အစိုးရကဆိုသော်လည်း ထိုပစ္စည်းများ ကုန်သွားပါက ပြန်ဝယ်ပေးရန် ပိုက်ဆံ မတတ်နိုင်ဟု ဒေါ်တင်တင်က ပြောသည်။

ဖိုးသား ကျောင်းတက်လျှင် မိမိအနေဖြင့် ပိုက်ဆံ မရှာနိုင်သောကြောင့် စားသောက်မည့် ကိစ္စအတွက်လည်း အခက်အခဲများစွာ ရှိလာနိုင်သည်ကိုလည်း ဒေါ်တင်တင်က ပူပန်သည်။

ထိုသို့အခြေအနေမျိုးမှာ ဖိုးသားတစ်ယောက်သာကြုံတွေ့နေရသည်မဟုတ်။ ဟင်္သာက နောက်ထပ်တွေ့ဆုံမေးမြန်း ခွင့်ရခဲ့သူတစ်ဦးဖြစ်သည့် အသက် ၁၂ နှစ်အရွယ် မင်းမင်းထိုက်လည်းတစ်ဦးအပါအဝင်ပင်။

မော်လမြိုင်တွင် နေရာတကာလှည့်ပြီး အမှိုက်ကောက်နေသည့် ၎င်းက သူ၏ ကျောင်းသားဘဝအိပ်မက်စွန့်လွှတ်ခဲ့ရသည့် အကြောင်းကို ယခုလို ပြောပြသည်။

“အိမ်မှာက မောင်နှမ လေး ယောက်ရှိတယ်၊ ညီမ တစ်ယောက်ပဲ ကျောင်းနေတယ်၊ သားတို့ ညီအစ်ကိုတွေက အမှိုက်ကောက် တယ်”ဟု ဆိုသည်။

ငယ်စဉ်က ဒုတိယတန်းအထိ ကျောင်းနေခဲ့သော်လည်း မိဘများက မထားနိုင်သဖြင့် ကျောင်းထွက်ခဲ့သည်ဟု မင်းမင်းထိုက်က ဆိုသည်။

“သား ကျောင်းမတက်ချင်တော့ဘူး၊ အမှိုက်ကောက်ရင် ပိုက်ဆံရတယ်”ဟု ၎င်းက ပြောသည်။
ဖိုးသား၊ မင်းမင်းထိုက်တို့ ပညာသင်ကြားရေးခရီးတွင် အဓိကအခက်အခဲဖြစ်ခဲ့ရသည့် ဝင်ငွေနှင့် စားဝတ်နေရေးမှာ ၎င်းတို့ လို လက်လုပ်လက်စားမိသားစုသာကြုံတွေ့နေရသည်တော့မဟုတ်။

မော်လမြိုင် မြိုင်သာယာရပ်ကွက်တွင် ကုန်စုံဆိုင်ဖွင့်ပြီး ဝင်ငွေရှာဖွေနေသည့် ကျောင်းသား သုံးဦးမိခင် မိသီတာဦးလို လူမျိုးပင်ညည်းညူ၏။

“ကျုရှင်စရိတ်က ဆယ်တန်း တစ်နှစ်စာကို ၁၅ သိန်းကုန်တယ်၊ အခက်ခဲတွေက များတယ်၊ ကလေးရဲ့အဖေကလည်း မနားမနေရှာနေရတာပဲ”ဟု ဆိုခြင်းဖြစ်သည်။ မိသီတာဦး၏ အမျိုးသားမှာ ကားမောင်း၍ မိသားစုဝင်ငွေရှာဖွေပေးနေသူ ဖြစ်၏။

ဇနီးမောင်နှံနှစ်ဦးစလုံးအလုပ်အကိုင်နှင့်ဖြစ်သော်လည်း ကျောင်းစရိတ်အတွက် တစ်ခါတစ်ရံ ချေးငှားရသည်မျိုးပင်ရှိကြောင်း မိသီတာဦးကဖွင့်ပြောသည်။

မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေးတိုင်း အားလုံး အခမဲ့မသင်မနေရ ပညာရေး စနစ် တစ်ခု ဖြစ်လာရန် ရည်ရွယ်ပြီး ၂၀၁၄ စက်တင်ဘာ၌ အမျိုးသား ပညာရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး၊ အစိုးရနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဆင့်ဆင့်တို့က သတ်မှတ်ချက်နှင့် အညီ အပြည့်အဝ ထောက်ပံ့ ကူညီပေးရမည်ဟူ၍ ပါဝင်သော်လည်း အထက်ပါအခြေအနေတို့မှာ ယနေ့တိုင်ရှိနေဆဲ။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မွန်ပြည်နယ်၏ စာတတ်မြောက်မှု ရာခိုင်နှုန်းသည် ၈၆ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိသည်ဟု ဖော်ပြထားသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ စာတတ်မြောက်မှုသည် အဆင့် ကိုး ၌ ရှိနေသည်။
ကျောင်းနေအရွယ် ကလေးများ အားလုံး အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရန် မွေးစာရင်း၊ သန်းခေါင်စာရင်းများ ထုတ်ပေးရေးကို ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန တို့က ကျောင်းမဖွင့်မီ ပူးပေါင်းကြသည်ဆိုသော်လည်း ဖိုးသား၊ မင်းမင်းထိုက်တို့လို ကလေးငယ်အများအပြားရှိနေဆဲပင်။

ကျောင်းအပ်နှံခြင်း၌ KG တန်းကလေးများကို ကျောင်းဝတ်စုံတစ်စုံ၊ မူလတန်းအဆင့် Grade 1 တန်းကို ကျောင်း ဝတ်စုံတစ်စုံ၊ ကျောင်းသုံး ပုံနှိပ်စာအုပ်တစ်စုံအပါအဝင် ဗလာစာအုပ် ခြောက် အုပ်နှင့် ကျန် အခြေခံပညာအတန်းများကို ကျောင်းသုံး ပုံနှိပ်တစ်စုံ အခမဲ့ ဖြန့်ဝေပေးသွားရန် အစိုးရက စီစဉ်ထားသော်လည်း ကျောင်းနေအရွယ်ကလေးငယ်များ၏ ကျောင်းထွက်နှုန်းမှာမြင့်တက်နေဆဲ။

ကျောင်းနေအရွယ် ကလေးများ ကျောင်းထွက်နေသည့် အကြောင်းရင်းကို သထုံမြို့နယ် ထုံးဘိုကြီးကျေးရွာ မှဆရာမ ဒေါ်တင်ဇာလှိုင် (မူလတန်းပြ)ကတော့ ယခုလိုသုံးသပ်၏။ “မြို့ကျောင်းမှာ သွားတက်ရမယ့် အချိန်ဆို သူတို့တွေက ကျောင်းထွက်ကြတယ်။ မိဘတွေကလည်း လိုလားကြတော့ ငါး တန်းလောက်ဆို ကျောင်းထွက်ကြတော့တာပဲ။ ဆက်မတက်ကြတော့ဘူး”ဟုဖြစ်သည်။

၄။ အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်းသည် သာမန်မိသားစုဘဝများကို ဆင်းရဲတွင်းသို့ တွန်းပို့နေပြီး ကျောင်းနေအရွယ် ကလေးငယ်များကို ဘဝကြမ်းများထဲသို့ ခေါ်ဆောင်သွားတော့သည်။

အကြောင်းအရင်းမှာ ထုံးဘိုကြီးကျေးရွာသည် ကရင်တိုင်းရင်းသားများ ဖြစ်သောကြောင့် ကလေးများသည် ဘာသာစကား၌ အခက်အခဲ ရှိကြောင်းနှင့် မြို့ပေါ် ကျောင်းသို့ ပြောင်းရွှေ့ရာတွင်လည်း ယင်းသည် အဓိကအခက်အခဲဖြစ်နေ၍ ကျောင်းထွက်သည့် အခြေအနေ များစွာ ဖြစ်ပေါ်နေသည်ဟု ဒေါ်တင်ဇာလှိုင်က ရှုမြင်၏။

တစ်ဆက်တည်း “ဆရာမတွေကလည်း သူတို့ကို တုံးတယ်၊ ထူတယ်ဆိုပြီး အော်လေ။ သူတို့က ပိုပြီး ထုံလာတာပေါ့။ နောက်ဆုံးတော့ ကြောက်လာကြတယ်။ သူတို့ကို အော်မှာ၊ လှောင်မှာကိုပေါ့။ ဒါနဲ့ ကလေးတွေက ကျောင်းကိုကြောက်လာတယ်”ဟု ၎င်းက ဆိုသည်။

နောက်ထပ်အကြောင်းအရင်းတစ်ရပ်ကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကြာအင်းမင်းဂနိုင်ကျေးရွာမှ မူလတန်းပြ ဆရာမ သဇင်အောင်မင်းက ယခုလို မှတ်ချက်ပြု၏။

“ကလေးတွေက လှေနဲ့ ကျောင်းလာကြတယ်။ နေသာတဲ့ နေ့တွေဆို မိဘတွေက ကျောင်းလွှတ်ကြတယ်။ မိုးရွာတဲ့နေ့တို့ ၊ မိုးအ့ုံတဲ့နေ့မှာတောင် ကျောင်းမလွှတ်ချင်ကြဘူး။ ဒီရဲ့ နောက်ဆက်တွဲက ကလေးတွေ စာမလိုက်နိုင်ဘဲ ကျောင်းထွက်ကြတာ”ဟူ၍။

မြန်မာနိုင်ငံ၏ ကျောင်းဖွင့်ရာသီကို ဇွန်လမှ မတ်လအထိ သတ်မှတ်ထားခြင်းကြောင့် မြစ်၊ချောင်း ပေါများသော မွန်ပြည်နယ်မှ ကျောင်းသားတို့မှာ မိုးတွင်းကာလ၌ စာသင်ခန်းကို ခက်ခက်ခဲခဲလာရောက်ရသည့်အခြေအနေကို ထောက်ပြ ခြင်းဖြစ်၏။

မည်သို့ဆိုစေ ၂၀၁၈-၁၉ ယခု ပညာသင်နှစ် ပညာရေး ဝန်ကြီးဌာနဆောင်ပုဒ်ဖြစ်သော “ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်း ဆောင်ရွက်ပေး”ဟူသော ဆောင်ပုဒ် အမှန် တကယ်အောင်မြင်ရန် အဓိကရင်ဆိုင်ရမည့်အခက်အခဲကို အောက်ပါအချက်များကြည့်လျှင်မြင်နိုင်ပါသည်။
မွန်ပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းအရ ပြည်နယ်တွင် ကျောင်းနေသူ စုစုပေါင်း ၃၅၉ ၇၀၉ ဦးအထိသည်။ Grade 1 တန်းတွင် ၅၁၈၁၅ ဦးအထိတက်ရောက်နေရာမှ ၁၀ တန်း အရောက်တွင်မူ ၁၈၁၂၄ ဦးအထိသာ ကျန်ရှိတော့သည်။ ထို့ကြောင့် မူလတန်းမှ အထက်တန်းအဆင့်ထိ အရောက်တွင် ကျောင်းသား ၃၃၆၉၁ ဦးမှာ အကြောင်းအမျိုးမျိုးကြောင့် စာသင်ခန်းအတွင်း မရှိတော့ပေ။ သို့သော် အဆိုပါ စာရင်း၌ ဖိုးသားများ၊ မင်းမင်းထိုက်များ မပါဝင်သေးပါ။

ဂေထော၊ ထိုက်ထိုက်

Leave a Reply