Advertisements

မော်လမြိုင်၊ မတ် ၂၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင် ယခုလလယ်ပိုင်းအစော၌ မိုးရွာသွန်းမှုကြောင့် ဆားကွင်းပျက်စီးခဲ့သည့်အတွက် ဆားဈေးနှုန်းများ ပြန်လည်မြင့်တက်နေကြောင်း သတ္ထုတွင်းနှင့် ဆားလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ပငကျေးရွာက ဆားဧက၂၀၀၀ လောက်ရှိတယ်။ ဆားလုပ်ငန်းတွေ အဓိကလုပ်တဲ့နေရာပဲ။ ပြီးခဲ့တဲ့မတ်လဒုတိယအပတ်က မိုးတွေက နေရာကွက်ကျားရွာတော့ ပငမှာ ရွာတဲ့အတွက် လက်ရှိမှာ ဆားဈေးတွေ ပြန်တက်နေတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက ဆားကြမ်းတစ်ပိဿာ၉၀ ကျပ်နှုန်းပေါက်ဈေးရှိခဲ့ရာမှ ယခုမတ် ၂၂ ရက်နေ့က ၁၅၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်ဟုဦးခင်စိုးက ပြောသည်။

လက်ရှိ၌ ဆားဈေးမြင့်တက်နေသည်နှင့်တစ်ချိန်တည်းတွင် ဆားလုပ်ငန်းရှင်ထံမှ ကုန်သည်များလည်း ဝယ်လိုအားများနေကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

ပြီးခဲ့သည့်၂၀၁၇ခုနှစ်ကမြန်မာနှစ်သစ်ကူးသင်္ကြန်အပြီးတွင်မိုးရွာသွန်းမှုကြောင့်ဆားကွင်း ပျက်စီးခဲ့ကာဈေးနှုန်းလည်း လွန်ခဲ့သော ငါးနှစ်ထက် နှစ်ဆတိုး စံချိန်တင်မြင့်တက်ပြီး လုပ်ငန်းရှင်အများစု တွက်ခြေကိုက်ခဲ့သည်ဟု၎င်းက ထပ်လောင်း ပြောပြသည်။

ယခု ၂၀၁၈ တွင် ဆားလုပ်ငန်းရှင် ၇၀ ဦးရှိပြီး ဆားကွင်းဧက ၂၈၆၂ ဒသမ ၆၂ ဧကအထိ တိုးမြင့်ခဲ့ကြောင်း၊မွန်ပြည်နယ်ထွက် ဆားများကို မန္တလေးမြို့သို့ အဓိက တင်ပို့နေသလို ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်မြို့နှင့် အထက်မြန်မာပြည် ဈေးကွက်အတွင်းသို့ပါထိုးဖောက်ဝင်ရောက်နေကြောင်းဦးခင်စိုးက ပြောသည်။

လက်ရှိ၌ ပြည်နယ် ဆားချောတစ်ပိဿာလျှင် ၁၈၀ ကျပ်နှုန်းအထိ ပေါက်ဈေးရှိသည်။

Written by ခင်နန်းဌေး

Advertisements
<

Leave a Reply