လက်ရှိ အရပ်သားအစိုးရလက်ထက်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူထားသူ နိုင်သက်လွင်သည် ၎င်း၏ မိခင်ပါတီဖြစ်သော မွန်အမျိုးသားပါတီထံမှ အပြီးတိုင်နုတ်ထွက်တော့ မည်ဖြစ်ကြောင်း ယင်းပါတီထံသို့ စာပေးပို့ထားသည်။ နိုင်သက်လွင်သည် ဝန်ကြီး တာဝန်မယူမီ အချိန်က မွန်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ(၁) အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
ယင်းသို့ ပါတီထိပ်ပိုင်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ပါတီမှ နုတ်ထွက်ရန် တောင်းဆိုလာမှု အပါအဝင် ပါတီတွင်း ပြဿနာ ရပ်များနှင့် ပတ်သက်ပြီး နိုင်သက်လွင် နှင့် ဟင်္သာမီဒီယာတို့ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

naing-thet-lwin

ဟင်္သာမီဒီယာ။ ။ ပါတီကနုတ်ထွက်စာတင်ထားတယ်လို့ သိရပါတယ်၊ အဲ့ဒီအပြင် ပါတီဥက္ကဋ္ဌက လည်း နုတ်ထွက်မယ်လို့ ကြားသိထားရပါတယ်၊ ပါတီတွင်း ထိပ်ပိုင်းခေါင်းဆောင်တွေ ထွက်တာဘာ ကြောင့်ပါလဲခင်ဗျာ။

NTL။ ။ ဥက္ကဋ္ဌကြီး ရာထူးကမထွက်ခင်ကတည်းက ငါ့ရဲ့ရာထူးနဲ့တာဝန်ကို ဥက္ကဋ္ဌကိုအပ်ပြီးသား၊ စာနဲ့လည်းအပ်တယ်၊ ပါးစပ်နဲ့လည်းအပ်တယ်၊ သွားကန်တော့ပြီးတော့အပ်တယ်။ ဥက္ကဋ္ဌကြိုက်တဲ့ သူကို တာဝန်ပေးတော့ ကျွန်တော်က ရှေ့ဆက် ပြီးဘာမှ လုပ်လို့မရတော့ဘူး၊ ဒါတောင်မှ ဒီသက်တမ်း ပြီးသွားရင် ကျွန်တော်က ကျန်းမာနေလား၊ မကျန်းမာနေလား မသိဘူးဆိုတော့ မထူးဘူး၊ ဥက္ကဋ္ဌ ကြိုက်သလိုစီစဉ်တော့၊ အခု ဥက္ကဋ္ဌ ကနုတ်ထွက်မယ်ဆိုတော့ ကိုယ်က ကန့်လန့်ကန့်လန့်ဖြစ်နေတော့ ကိုယ်လည်းနုတ်ထွက်လိုက်တယ်၊ ဒါရှင်းတာပေါ့၊

ဟင်္သာမီဒီယာ။ ။ ပါတီထဲမှာ ပြဿနာမရှိဘူးလို့ ပြောနိုင်သလား..

NTL ။ ။ ပြဿနာကတော့ ပုဂ္ဂိုလ်အရတော့ ပြဿနာကတော့ရှိတယ်လေကွယ်၊ ပုဂ္ဂိုလ်ဆိုတာက အင်မတန်ဂွကျတယ်၊ အရည်အချင်းကဘာနဲ့တွက်ပြီးတော့ အရည်အချင်းလို့ခေါ်သလဲ၊ B.Ed နဲ့အောင်မှ အရည်အချင်းရှိသလား၊ ဒဿနိကဗေဒနဲ့ အောင်တဲ့သူက အရည်အချင်းမရှိဘူးလား၊ လူရဲ့စိတ်ထားနှလုံးထားအပေါ်မှာ အရည်အချင်းတွက်တာလား၊ အတ္တမာနကြီးတဲ့သူက စိတ်ယုတ် စိတ်ညံ့ ရှိတဲ့သူ စိတ်ကောင်းနဲ့ စိတ်မကောင်းတဲ့သူကို နှိုင်းပြီးတော့ အရည်အချင်းတွက်တာလား၊ ဘာကိုကြည့်ပြီးအရည်အချင်းတွက်သလဲ၊ လူရဲ့လုပ်သက်တွေ၊ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ ဦးဆောင်နိုင်တဲ့ အခန်းကဏ္ဍတွေရော အစစအရာရာ အဲ့ဒါတွေကို အရည်အချင်းလို့တွက်တာလား၊ ကျွန်တော်တို့ဆိုရင်တော့ လူ့ရဲ့စိတ်စေတနာပေါ်မှာ အရည်အချင်းသတ်မှတ်တယ်၊ ပါတီမှာ လူမျိုး အဖွဲ့အစည်းထဲမှာ ပြီးတော့နိုင်ငံရေးပါတီမှာလုပ်တဲ့ လူလား၊ တကယ့်ကို ကိုယ်ကျိုးစွန့်ပြီးတော့ တ ကယ်အနစ်နာခံတဲ့သူကိုမှ ပြီးတော့ လုပ်နိုင်ကိုင်နိုင်တယ် သူ့ရဲ့အတွေ့အကြုံ ဗဟုသုတ ဘယ်နေရာ မှာမဆို လုပ်နိုင်ကိုင်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို ထက်မြက်တဲ့အတွေးအခေါ်မျိုးမှ တို့က အရည်အချင်းရှိတယ် တစ်ကမ္ဘာလုံးက လွှမ်းမိုးပြီးချီးကျူးရလောက်အောင် တော်တဲ့ အရည်အချင်း မျိုးမှ၊ စိတ်ထားရော အတွေ့အ ကြုံ ဗဟုသုတနဲ့ ဉာဏ်ပညာအမြော်အမြင် အားလုံးအဖက်ဖက်က တော်တဲ့သူမှ အရည်အချင်းရှိတယ် သတ်မှတ်တယ်၊ ဘယ်လောက်ပဲ ဉာဏ်ပညာ တော်တယ်၊ စိတ်ထားနှလုံးထားမကောင်းရင် အရည်အချင်းထဲမှာ ဘယ်တော့မှ မသတ်မှတ်ဘူး၊

ဟင်္သာမီဒီယာ။ ။ ကြားဖြတ်ရွေးကောက်ပွဲမှာ ချောင်းဆုံမြို့နယ်ပါဝင်နေပါတယ်၊ အဲ့ဒီအတွက် ဝန်ကြီးတို့ပါတီအနေနဲ့ ဘယ်လိုစီစဉ် ဆောင်ရွက်ထားပါသလဲ

NTL။ ။ ပါတီကိစ္စက ငါကလုံးဝ ဝင်လို့စွက်ဖက်လို့မရ၊ အကြံဉာဏ်ပေးလို့လဲမရ၊ နောက်ပြီး တော့ ကင်းလည်းကင်းကွာနေတယ်၊ ဝေးနေတယ်ဆိုတော့ အဲ့ဒီပါတီကိစ္စက သူတို့ ဘယ်သူကိုထည့်ပြီး ဝင်ရွေးချင်လဲရွေး မရွေးချင်လည်း မရွေး ငါလည်းသတိလည်းမထားဘူး၊ ထည့်လည်းမစဉ်းစားဘူး၊

ဟင်္သာမီဒီယာ။ ။ ယခုဝန်ကြီးသက်တမ်း ငါးနှစ်ပြီးရင် နိုင်ငံရေးကိုဘယ်လို ဆက်လက် ဆောင်ရွက်မယ်လို့ စဉ်းစားထား လဲ၊ အခြားပါတီထဲဝင်ပြီး ဆက်လုပ်မယ်လို့ရော စဉ်းစားထား ပါသလားခင်ဗျာ၊

NTL။ ။ ပထမတော့ ဝန်ကြီးမဖြစ်ခင်ကတည်းက ပြီးခဲ့တဲ့ရွေးကောက်ပွဲပြီးရင် ငါ့ရဲ့ကျန်းမာရေး အရဆိုရင် ပါတီမှာ နာယကတို့ အကြံပေးတို့မလုပ်ထားရင် ပါတီမလုပ်တော့ဘူး၊ ငါလုပ်ချင်ရင် NGOs လိုမျိုး တိုင်းရင်းသားတွေ အပေါ်မှာ ဘယ်လိုကူညီပံ့ပိုးပေးရမလဲ၊ သားသမီးတွေ တတ်နိုင်ရင် ဖောင်ဒေးရှင်းထောင်ပြီးတော့ ကိုယ့်လူမျိုးရဲ့ စကား၊ စာပေ၊ ယဉ်ကျေးမှုတွေကို လူငယ်တွေကို တတ်ကျွမ်းအောင် သင်ပေးဖို့လုပ်မယ်။ ဆုများများပေးမှ သူတို့က၊ မွန်စာ မွန်စကားတွေက ကမ္ဘာမှာဝင်ဆံ့လို့ မနိုင်တော့ဘူး၊ တိုးလို့မနိုင်တာကြောင့် လူငယ်တွေဟာ စိတ်ပါဝင် စားစွာသင် အောင် သူတို့ကို ဆုလာဘ်တွေ အများကြီးပေးပြီး သင်ကြားခိုင်းမှပဲရမယ်၊ ဒါကြောင့် ငါ့ရဲ့ ရတဲ့စရိတ်၊ ခြံတွေ ရောင်းပြီးတော့ နိုဗယ်လိုဖောင်ဒေးရှင်း၊ ဒေါ်ခင်ကြည်လို ဖောင်ဒေးရှင်းလိုထားပြီး တော့ ပညာရေး၊ ကျန်း မာရေးနဲ့ လူမှုရေးအခန်းကဏ္ဍတွေကို အဲ့ဒါလောက်ပဲ လုပ်ဖို့ စိတ်ကူးတယ်

Leave a Reply