Advertisements

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းစောင့်ရှောက်သူမဲ့ကာ လမ်းဘေးရောက်နေသော ခွေးများကို စုစည်းကောက်ယူ မွေးမြူထားသော ဘေးမဲ့ခြံတစ်ခု ရှိနေသည်။

မော်လမြိုင် – မုဒုံ ကားလမ်းမ တာပသွန်ကျေးရွာအနီး ရောက်လျှင် လမ်းတစ်ဖက်ဆီ ဆန့်ကျင်ဘက် ကွေ့ချိုးလိုက်ရသည်။ တောလမ်း မြေသားလမ်းကလေးအတိုင်း တစ်မိုင်ကျော်ကျော် ဝင်သွားရပြီး ရော်ဘာခြံများကြား၊ လူသူ အသွားအလာ ကျဲပါးရာ၊ လူနေအိမ်နှင့် ဝေးကွာရာ အရပ်တွင် ရှိနေသည်။

အနီးဆုံး လူသူနေထိုင်ရာအဖြစ် မိုင်ဝက်ခန့်အကွာက တောင်ခြေတောရ ဘုန်းတော်ကြီးတစ်ကျောင်းသာ ရှိသည်။
“ခိုကိုးရာမဲ့နေတဲ့ ခွေးတွေ၊ ဒုက္ခိတ ဂိလာနခွေးလေးတွေကို စောင့်ရှောက်ပေးဖို့ ဆက်သွယ်အကြောင်းကြားလာတာတွေ လာပို့ကြတာတွေက မွန်ပြည်နယ်မြို့နယ်အတော်များများကအပြင် ကရင်ပြည်နယ်ဘက်ကလည်း ရှိခဲ့တယ်”ဟု အဆိုပါ ခွေးခြံကို တည်ထောင်သူနှင့် ပြုစုစောင့်ရှောက်ထားသူ ကိုကြည်မိုးချစ်က ပြောသည်။

လက်ရှိအခြေအနေတွင် ခြံ၌ ခွေးကောင်ရေ ၃၉၈ ကောင်ကို ထိန်းကျောင်းမွေးမြူထားပြီး ခြံထဲမှာ ရုံ သုံးခု တည်ဆောက်ထားသည်။

“အရေအတွက်က ဒီခြံထဲမှာ ပေါက်ဖွားလာတဲ့ အကောင်ရေတော့ မဟုတ်ပါဘူး၊ လမ်းပေါ်မှာ အကြောင်းတစ်ခုခုကြောင့် လေလွင့်နေရတဲ့ ခွေးလေးတွေကို စုစည်းကောက်ယူပြီး ကျွေးမွေးစောင့်ရှောက်ထားတာပါ”ဟု သူက ဆိုသည်။

ခွေးခြံ ရုံ အမှတ် ၁ တွင်ပင် အထီးနှင့် အမ ခွဲလျက် သံဆန်ခါခြား ကာရံထားသည်ကို သူက လက်ညှိုးညွှန်ပြသည်။
ခွေးကောင်ရေ ရာနှင့်ချီ၍ ဆူညံစွာ ဟောင်သံ အော်သံအမျိုးမျိုးတွေကြားမှာ သူ့အသံ တိုးတိုးညင်ညင်က မနည်း အားစိုက်နားထောင်မှ ကြားနိုင်သည်။ ခြံထဲ သူ ဝင်လိုက်သည်နှင့် ခွေးကောင်ရေ များစွာက အမြီးနန့် ပြေးဝင်လာ တိုးဝှေ့ပွတ်သပ်လာကြနှင့် ပြိုမလို လဲမလို သူ လျှောက်လှမ်းနေလေသည်။

ခွေးကောင်ရေ ၄၀၀ ပြည့်ရန် နှစ်ကောင်သာ လိုတော့သော ယခု လက်ရှိအနေအထားတွင် တစ်လတာ ကျွေးမွေးမှုစရိတ်မှာ ကျပ်သိန်းသုံးဆယ်ကျော် ရှိကြောင်း ကိုကြည်မိုးချစ်က တွက်ချက်ပြသည်။

“မနက်ခင်းပိုင်းကိုတော့ ပေါင်မုန့် ကျွေးဖြစ်တာ ဆန်ပြုတ်ကျို တိုက်တာ များတယ်”ဟု ခြံဝန်ထမ်းက ကျိုချက်နေသော ခွေးစာပေါင်းအိုးအတွင်းကို တစ်ကန့်စီ ဖွင့်လှစ်ကြည့်ရင်း သူက ပြောသည်။

တစ်ဦးတည်းသာ ရှိသော ခြံဝန်ထမ်းမှာ ခြံအတွင်းရှိ ရုံထဲမှာပင် အစာများကို ကျိုချက်ပြင်ဆင်နေသည်။ ခွေးကောင်ရေ လေးငါးဆယ်ခန့်က မီးဖိုဆောင်အတွင်းမှာပင် လျောင်း ထိုင် ရပ် သွား အနေအထားအဖုံဖုံနှင့်။

တာဝန်ယူရမည်ကို မစိုးရွံ့သော်လည်း တာဝန်မကျေပြွန်ဖြစ်မည်ကို တွေးထိတ်နေသော သူက နောက်ထပ် ခွေးကောင်ရေ တိုးလာမည်ကို တစ်ဖက်မှ ကြောင့်ကြနေသည်။ ခွေးတစ်ကောင်အတွက် နေရာထိုင်ခင်းအဖြစ် ပြင်ဆင်ပေးရသော ပလတ်စတစ်ထိုင်ခုံတစ်လုံးပင် ငွေကျပ်သောင်းဂဏန်းနားကပ်နေသည်လေ။

စက်ဖြင့် ကျိတ်ပြီးသား ကြက်သားနှင့် ငါးများကို အိုးကို လှန်လှော ကြည့်လိုက်ရင်း ကိုကြည်မိုးချစ်က ယခုလို ပြောသည်။

“အသားကြိတ်စက်ကို မြို့ထဲ အိမ်မှာ ထားတယ်။ အိမ်ရှင်မက အိမ်ကနေ ဒိုင်ခံ ကျိုချက်ပြင်ဆင်ပေးတာပေါ့”
သူက မော်လမြိုင် ဈေးကြို ဒေါင်းဇရပ်ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ကွန်ပျူတာပြုပြင်ရေးလုပ်ငန်းကို လုပ်ကိုင်သူလည်း ဖြစ်သည်။ ခွေးတွေကို ကျွေးမွေးပြုစုရန် ဝေယျာဝစ္စ သန့်ရှင်းရေးပါမကျန် ဆောင်ရွက်ပေးဖို့ နေအိမ်နှင့် ခွေးခြံကို သူပိုင် Truck ယာဉ်ငယ်လေးပေါ် အစာရေစာ၊ ဆေးဝါး၊ ပစ္စည်းကိရိယာအစုံ တင်ဆောင်ပို့ယူရင်း နေ့စဉ် ကူးလူး အပြန်အလှန် သွားလာနေလေသည်။

အမှန်ဆိုမူ ယခု ခြံသက်တမ်း ၂ နှစ်ကျော်ဆိုသော်လည်း ခွေးတွေကို သူ ပြုစုထိန်းကျောင်းလာသည့် ဝါသနာအလေ့သက်တမ်းကား မနည်းတော့။

“ဆယ်ကျော်သက် ကျောင်းသားအရွယ်ကတည်းကပဲ။ ရပ်ထဲမြို့ထဲမှာ ဦးတည်ရာမဲ့ သွားလာနေတဲ့ ခွေးလေးတွေ တွေ့ရင် အိမ်ကို ပွေ့ချီ သယ်ခေါ်လာတာပဲ”ဟု ဆိုသည်။

ခြံကို ဖွင့်လှစ်ချိန်အစမှာ သူ့အတွက် ရင်နင့်ဖွယ်ရာ နောက်ကြောင်းကား ရှိခဲ့သည်။ ခွေးကောင်ရေ ရာဂဏန်း၏ အသံဗလံနှင့် အနံ့အသက်ပေါင်းစုံကို ငြိုငြင်လာသူ အချို့ ရပ်ထဲရွာထဲ ရှိလာသည်။

ယခု ခြံနေရာဆီ ရွှေ့ပြောင်းကာ ခွေးများကို ပြုစုမွေးမြူချိန်မှာ အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင့် မလွှဲသာ မရှောင်သာ လစ်ဟင်းလာရသော တာဝန်နှင့် ဝတ္တရားတို့ကလည်း ရှိခဲ့သည်။

သမီးဖြစ်သူ၏ ကျောင်းသွားကျောင်းပြန်ကို ကြိုပို့ကိစ္စပါ ပျက်ကွက်ခဲ့သည်။ ၂၀၁၆ နှောင်းပိုင်းတွင် သမီးငယ်တစ်ယောက် ယာဉ်မတော်တဆမှုဖြင့် ရုတ်တရက် ကွယ်လွန်ချိန်မှာ ယူကြုံးမရ နှမြောတ သ စိတ်တို့ ရင်ဝယ်မဆံ့။ ဖခင်တစ်ယောက်၏ လစ်ဟင်းခဲ့သော၊ ဆောင်ရွက်မပေးလိုက်ရသော ဝန်တာတွေ သူ့စိတ် သူ့အတွေးမှာ တသီတတန်း တွေးတောမိခဲ့သည်။

“သမီးလည်း ခွေး အရမ်း ချစ်တတ်တယ်၊ သိပ် ဂရုစိုက် ပြုစု ယုယတယ်၊ သမီးကိုယ်စား ဆက်လုပ်နေသလို ခံယူတယ်”ဟု သူက ပြောသည်။

စကားကို အပိုချဲ့ကား ဇာတ်ထွင် မပြောတတ်သူမို့ ဖြစ်မည်၊ သူ့မှတ်ချက်စကားတွေက ရိုးရှင်းပြတ်တောင်းနေလေသည်။
“၂နှစ်ပြည့်ပြီ။၂နှစ်ဆိုတဲ့ကာလအတွင်း ဝန်ထမ်းစရိတ်ကအစ ခြိုးခြံချွေတာရင်း နောက်ထပ် ဖြည့်ဆည်းမှုတွေအများကြီးဆောင်ရွက်နိုင်ခဲ့တယ်။ ကိုယ်တိုင်အပင်ပန်းခံ ဦးစီးဦးဆောင် ဆောင်ရွက်တာဟာ ဝန်ထမ်းတွေကိုအားကိုးတာထက် ကလေးတွေအတွက် အများကြီးကွာဟတယ်”ဟု သူက ဆိုခဲ့သည်။

ခွေးချင်းအတူတူ စရိုက်အထွေထွေ အပြားပြားကို တစ်ကောင်ချင်း လက်ညှိုးထိုး ပြောပြရင်း သူသဘောကျနေသည်။ ဒုက္ခိတဟု သူ မခေါ်ရက်ခဲ့သော ကိုယ်အင်္ဂါချို့ယွင်းနေသည့် ခွေးကလေးအချို့ကို ပွတ်သပ်ကျီစယ်ရင်း သူက ယခုလို ပြောလိုက်သေး၏။

“ဆန်ဈေး ဆီဈေး သားငါးဈေးမက လောင်စာဈေးပါ တက်တက်လာတော့ တိုးတိုးလာပြီး ပိုပိုကုန်ကျတဲ့ ကလေးတွေအတွက် ဖေကြည်ကလျှာထွက်နေလည်း သူတို့ကတော့အေးဆေးပဲ။ငါသေရင် အခေါင်းဖိုးလေး ကျန်ရင်ရပြီ၊ ဆွဲသာဆွဲ”ဟူ၍။

Written by မြတ်သွင်ဦး

Leave a Reply