အချိန်ကားမစောင့်၊ အရှိန်ကမလောက်၊ ဖွံ့ဖြိုးမှုကိုခြေရာကောက်

စိုက်ပျိုး၊ မွေးမြူရေးနှင့် ရင်းနှီးမြှုပ်နှံမှု များစွာ လုပ်ကိုင်နိုင်သော မြေလွတ်မြေရိုင်း ပေါများသည့် မွန်ပြည်နယ်၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေကို စီးပွားရေး လေ့လာသူနှင့် လုပ်ငန်းရှင်များသာမက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကပင် အားမလိုအားမရဖြစ်နေကြ၏။

ရင်းနှီးမြှုပ်နှံမှုများကို ပိုမို လွယ်ကူစေရန် ဌာနအနေဖြင့်ဖြေလျော့မှု များစွာ လုပ်ပေးထားသော်လည်း ပြည်နယ် အစိုးရ၏ လုပ်ငန်းဆုံးဖြတ်ချက် ချမှတ်မှုများတွင် ကြန့်ကြာမှုများ ရှိနေသည်ဟု ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှလက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးက ဟင်္သာသို့ပြောသည်။

“အခု ရင်းနှီးမြှုပ်နှံမှုကို ဒေသဆိုင်ရာအစိုးရအဖွဲ့ဆုံးဖြတ်ချက်တွေနဲ့လုပ်လို့ရတယ်။ ဒါပေမဲ့ အချို့ဟာတွေက ဆုံးဖြတ်ချက်ထွက်လာတာ တအားကြာတယ်။ ဥပဒေမှာ ရက်ပေါင်း ၃၀ အတွင်း လုပ်ရမှာ အဲဒါပါတယ်၊ဒါပေမဲ့ ရက်ပေါင်း ၃၀ မကဘူး”ဟု ၎င်းက ဆို၏။

စီးပွားရေးလေ့လာသူနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့၏ အသံများကိုဆက်လက်စုံစမ်းရာတွင်လည်း “ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတချို့ကတော့ မွန်ပြည်နယ်ကို တော် တော်လာကြတယ်၊ အလုပ်မဖြစ်ဘူး၊ စီးပွားရေးကတော့ အီတော့အီနေတယ်”ဟု စီးပွားရေး လေ့လာသူ ကိုကျော်စံဝင်း က သုံးသပ်ပြသည်။

ယင်းသို့သောအသံများသည် ရင်းနှီးမြှုပ်နှံမှုများကို အားပေးကူညီမည်ဟူသောအချက်အပါအဝင် စီးပွားရေးမူဝါဒ ၁၂ရပ် ချမှတ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အာဏာရအပြီး နှစ်နှစ်ကျော် ကြာချိန်၌ ကြားနေရခြင်းဖြစ်၏။

ထို့အတူ ၂၀၁၇ ဧပြီ ၁ရက်မှစ၍ အမေရိကန်ဒေါ်လာ ငါးသန်းအောက်ရင်းနှီးမြှုပ်နှံမှုများကို တိုင်းနှင့်ပြည်နယ်အစိုးရများထံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ဖြင့် စီမံပိုင်ခွင့်ပေးအပ်ပြီးချိန်နောက်ပိုင်း၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဖွဲ့စည်း ပြီးနောက်ပိုင်းလည်း ဖြစ်၏။

ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ပြည်နယ် ဝန်ကြီးချုပ်၊ အတွင်းရေးမှူး အဖြစ် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး အပါအဝင် အဖွဲ့ဝင် ခုနစ် ဦးဖြင့် ဖွဲ့စည်း တာဝန်ယူထားပြီးလည်းဖြစ်ပါသည်။

အထက်တွင်ဖော်ပြထားသကဲ့သို့ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ပြည်နယ်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံမည့် ဒေါ်လာ ငါး သန်း အောက် မည်သည့် လုပ်ငန်းမဆို မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ထံ တင်ပြခဲ့ခြင်း မရှိဘဲ ခွင့်ပြုပေးနိုင်သည့် အခြေအနေရှိ၏။

ယင်းကော်မတီဖွဲ့စည်းပြီးနောက်ပိုင်းတွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု သုံးခုကို ခွင့်ပြုပေးနိုင်ခဲ့သည်ကိုတော့တွေ့ရပါသည်။ အပန်းဖြေစခန်း တည်ဆောက်ခြင်း၊ ရော်ဘာသစ်ခွဲသား ထုတ်၍ တင်ပို့ ရောင်းချခြင်းနှင့် လမ်းခင်းကျောက် ထုတ်လုပ်သော လုပ်ငန်းတို့ပင်။

သို့သော် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ထွက်ပြီးနောက် ယမန်နှစ် အောက်တိုဘာ ၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးကိုစေလွှတ်ပြီး မွန်ပြည်နယ်အစိုးရ အဖွဲ့နှင့် လာရောက်တွေ့ဆုံခဲ့သည့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတို့ ယနေ့ တိုင်ရောက်ရှိမလာသေး။ အဆိုပါတွေ့ဆုံပွဲတွင် မွန်ပြည်နယ်၌ ရော်ဘာကုန်ချော၊ သစ်သီးဝလံနှင့် ခရီးသွားလုပ်ငန်းစသည် တို့လုပ်ကိုင်ရန် တရုတ်ဘက်က ဆန္ဒရှိကြောင်းပြသထားခဲ့၏။

ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်း

ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရဆိုလျှင် မွန်ပြည်နယ်၌ ၁၉၉၄ မှ ၂၀၁၈ ခုနှစ် ဇူလိုင် လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါင်း ၃၁ ခု ဝင်ရောက်ထားပြီး၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅၅၇၁ ဒသမ ၄၅၇ သန်း ရှိနေသည်ဟု သိရသည်။

စွမ်းအင်ကဏ္ဍ ၁၈ ခု ၊ စက်မှုနှင့် ထုတ်လုပ်မှု ကဏ္ဍ ၅ ခု ၊ လျှပ်စစ်ဓာတ်အား ကဏ္ဍ ၂ ခု၊ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ တစ် ခု၊ အခြား ဝန်ဆောင်မှု ကဏ္ဍ ၅ ခုတို့ဖြစ်ပြီး အများဆုံးဖြစ်သော စွမ်းအင်ကဏ္ဍလုပ်ငန်းများမှာ မုတ္တမ ကမ်းလွန် ဒေသတွင် သာ လုပ်ကိုင်နေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများဖြစ်ပြီး အခြေခံပြည်သူအများအပြားကို အလုပ်အကိုင်ဖန်တီး ပေးနိုင်သည့် အထည်ချုပ်၊ စိုက်ပျိုးမွေးမြူရေးကဲ့သို့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုမူ တစ်ခုမျှမတွေ့ရသေး။

နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူ၊ မလေးရှား၊ UK ၊ ပြင်သစ်၊ ထိုင်း၊ ဟောင်ကောင်၊ နယ်သာလန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန် တို့ဖြစ်ပြီး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ရော်ဘာ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုနှင့် ဟိုတယ် လုပ်ငန်းတို့လာရောက်ရင်းနှီးမြှုပ်နှံထားသည့် စင်ကာပူ နိုင်ငံက လုပ်ငန်း ၈ ခုဖြင့် အများဆုံးဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့သစ်တာဝန်ယူအပြီး ၂၀၁၆ ဧပြီ နောက်ပိုင်း ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု စာရင်းများကိုကြည့်လျှင်မူ လုပ်ငန်းစုစုပေါင်း ၁၀ ခုရှိပြီး ဘိလပ်မြေစက်ရုံလာထောင်သည့် ကိုရီးယားနိုင်ငံ၏ အမေရိကန် ဒေါ်လာ သန်း ၂၀၀ သည်သာ ပမာဏအများဆုံးသောရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်းတွေ့ရ၏။

၁၉၉၄ မှ ၂၀၁၈ ခုနှစ် မေလကုန်အထိ လုပ်ငန်းပေါင်း ၂၉ ခု၊ တန်ဖိုး ကျပ်သန်းပေါင်း ရှစ်သိန်း လေးသောင်း ကျော် မြှုပ်နှံထားသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုစာရင်းတွင်မူ ၂၀၁၆ ဧပြီ မှ ၂၀၁၈ ခုနှစ်အတွင်း ခွင့်ပြုထားသည့် လုပ်ငန်း အရေအတွက်မှာ ၈ ခုသာရှိပြီး စုစုပေါင်းပမာဏမှာ ကျပ်သန်းပေါင်း ကိုးသောင်းကျော်သာဖြစ်၏။

ဘာတွေခက်ခဲနေလဲ

ရင်းနှီးမြှုပ်နှံ လိုသူများ လက်လျော့သွားကြသော အကြောင်းအရင်းများကိုစူးစမ်းကြည့်ရာတွင် “မွန်ပြည်နယ်မှာ မြေတော် တော်များများက စာရွက်အထောက်အထားမရှိကြဘူး။ နောက်အဲဒီအထောက်အထားစာရွက်တွေလုပ်မယ်ဆိုလည်း နှစ် နဲ့ချီကြာတယ်၊ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့သူက အဲဒီလောက်ထိ မစောင့်နိုင်ဘူး”ဟူ၍ စီးပွားရေး လုပ်ငန်းရှင် ဦးမင်းဗညားစန်းက သုံးသပ်ပြ၏။

မွန်ပြည်နယ်မှအခြားသောစီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်သည့် ဦးမိုးကျော်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အချို့ထံ ဟင်္သာ ကဆက်သွယ်သော်လည်း မရရှိခဲ့ခြင်းက ပြည်နယ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပကတိအခြေအနေနှင့် အခက်အခဲများကိုထို့ထက်ပိုသိရနိုင်ရန်အတွက်ခက်ခဲရပါသည်။

သို့သော် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှလက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးထံမှ လျှပ်စစ်မီး ၊ လမ်း၊ တံတားစသည်တို့ကို ရင်းနှီးမြှုပ်နှံသူတို့ ကိုယ်တိုင် လုပ်ဆောင်ရခြင်းကလည်း စိန်ခေါ်မှု တစ်ရပ် ဖြစ်နေ ကြောင်း သိခဲ့ရ၏။ ထို့အတူ ဦးမင်းဗညားစန်းကဲ့သို့ပင် မြေယာပိုင်ဆိုင်ခွင့်လျှောက်ထားခြင်းလုပ်ငန်းအဆင့်ဆင့်ကြန့်ကြာမှု ကိုလည်း ၎င်းက ထောက်ပြခဲ့ပါသည်။

အစိုးရဘာလုပ်နေလဲ

ထိုသို့အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍ မွန်ပြည်နယ်အစိုးရအဖွဲ့ထံမေးမြန်းကြည့်သည့်အခါ ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်ထံမှ ရင်းနှီးမြှုပ်နှံလိုသူများကို သင့်တော်သောမြေငှားရမ်းခဖြင့် ငှားရမ်းပေးမည်၊ ရော်ဘာ ကုန်ကြမ်းရရှိရေးစီမံပေးမည်၊ လျှပ်စစ်ဓာတ်အားပေးမည်စသဖြင့် မက်လုံးပေးထားသည်ဟူသော သတင်းစကားကို သိရ၏။ ဒေါ်စံဝင့်ခိုင်က “စမ်းတဝါးဝါးနဲ့ပဲရှိနေသေးတယ်”ဟု မှတ်ချက်ပြုပါသည်။

ဆက်လက်၍ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနအပါအဝင် လစ်လပ်လျက်ရှိသည့် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး တာဝန်ကိုပါ ပူးတွဲထမ်းဆောင်နေသည့် ဦးဝဏ္ဏ ကျော်ထံ မေးမြန်းရာ အဆိုပါကိစ္စမှာ ဝန်ကြီးချုပ်သာဖြေဆိုနိုင်မည်ဖြစ်ကြောင်းဆို၏။

ယခုကာလနှင့် အနီးစပ်ဆုံးအချိန်ဖြစ်သော ဇူလိုင် ၁၀ ရက်၌ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ဆုံ ချိန် ယင်းနှင့်စပ်လျဉ်း၍ ဟင်္သာကမေးမြန်းစဉ်ကမူ “ရင်းနှီးမြှုပ်နှံမှု မူဝါဒအတိုင်းပဲ ကျွန်တော်တို့ လက်ခံရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုကို တတ်နိုင်သလောက် ကြိုးစားပါတယ်”ဟု ဒေါက်တာအေးဇံက ပြောထား ပါသည်။

ဘာလုပ်သင့်လဲ

ယင်းအခြေအနေများအပေါ် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကလည်းယခုလို အကြံပြု၏။ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ ကုန်ကြမ်းနှင့် အလုပ်သမား ၊ အခွန်အကောက် လျှော့ချခြင်း၊ ဈေးကွက် တင်ပို့မှု လွယ်ကူရန် စီမံခြင်း စသည်တို့ဖြစ်ပါသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီနှင့် ဒေသခံအကြား မည်သည့် လုပ်ငန်း လုပ်မည့်အကြောင်း ကြိုတင် အသိပေးခြင်းမျိုး လုပ်ဆောင်လျှင် ဆန္ဒပြမှုများကြောင့် လုပ်ရကိုင်ရခက်သည့် အခြေအနေကို ကျော်လွှားနိုင်ရန်ရှိကြောင်း လည်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြော၏။

ဦးမင်းဗညားစန်းကမူ “အစိုးရဘက်က ဘာတွေလျော့ပေါ့မလဲ၊ ကုန်ကျစရိတ်တွေများတယ်၊ အခွန်တွေ သူများထက်ပို ကောက်ခံမယ်၊ ပိုလုပ်မယ်ဆိုရင် ဘယ်သူမှ လာဖို့မရှိဘူး”ဟု ဆိုပြီး ရင်းနှီးမြှုပ်နှံမှု လာစေချင်လျှင် လျှပ်စစ်မီး အပါအဝင် လိုအပ်သည့် စာရွက်စာတမ်း အချက်အလက်များကို မြန်မြန် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ၎င်းက အကြံပြုသည်။

စီးပွားရေး လေ့လာသူ ကိုကျော်စံဝင်းကတော့ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် လုပ်ပေးမည့် အကြောင်းအရာများကို ပွင့်လင်းမြင်သာစွာ ချပြ၍ ရှင်းလင်း ဖိတ်ခေါ်ရန် လိုသည်ဟုပြော၏။ ထို့အပြင် မွန်ပြည်နယ်အတွင်း လုပ်ကိုင်နိုင်သော လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပသို့ သွား၍ ဈေးကွက်ရှာဖွေမြှင့်တင်ခြင်းများလုပ်ဆောင်ရန်လိုသည်ဟုလည်းဆို၏။

“အနီးစပ်ဆုံး ဒေသတွင်းကိုလည်း ဆင်းရမယ်။ နောက်ပြီး ကျွန်တော်တို့ဆီ အများဆုံးရင်းနှီးမြှုပ်နှံနိုင်မယ့် ထိုင်းတို့၊ စင်ကာပူတို့မှာ သွားပြီး ရင်းနှီးမှုမြှင့်တင်နိုင်ရမယ်။ ဖိတ်ခေါ်ရမယ်”ဟု ၎င်းကပြောသည်။

အခြေအနေများကို ကျော်လွန်နိုင်မည့် အဖြေများကို ရှာဖွေကြည့်ရာတွင်မူ မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက် တာ အောင်နိုင်ဦးထံမှ ယခုလိုမှတ်ချက်ကြားရ၏။

ပြည်ထောင်စုမှ ချမှတ်ထားသောစီးပွားရေး မူဝါဒ ၁၂ ရပ်အပါအဝင် ရင်းနှီးမြှုပ်နှံမှု ဥပဒေအပေါ် အခြေခံပြီး ဒေသနှင့် ကိုက်ညီသည့် မူဝါဒ တစ်ရပ်ကို မဖြစ်မနေ ရေးဆွဲရန် လိုအပ်နေသည်ဟူ၍ဖြစ်သည်။

ထို့အတူ ရေးဆွဲမည့် မူဝါဒ တွင် လည်း ပြည်နယ်အတွင်းထွက်ရှိသည့် ရော်ဘာ၊ အသား၊ ငါး၊ သစ်သီးဝလံစသည့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်လာနိုင်ရေးဦးတည်မှသာ အလုပ်လက်မဲ့ပြဿနာကိုပါ တစ်ပါတည်းဖြေရှင်းနိုင်မည်ဟုလည်း ဒေါက်တာ အောင်နိုင်ဦးက အကြံပြု၏။

ယင်းသို့သော သုံးသပ်ချက်ကို စီးပွားရေး လေ့လာသူ ကိုကျော်စံဝင်းထံကလည်းကြားခဲ့ရပါသည်။

“ကိုယ့်ပြည်နယ်နဲ့ ကိုယ်လိုက်ဖက် သင့်တော်နိုင်မယ့် မူဝါဒတွေ ချမှတ်နိုင်ဖို့လိုတယ်။ ပြည်ထောင်စုရဲ့ စွက်ဖက်မှုတွေကို နည်းနိုင်သမျှနည်းအောင် လုပ်နိုင်လေ ကောင်းလေပဲ”ဟူ၍။

Written by ထိုက်ထိုက်၊ ဂေထော

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.