Advertisements

ဘားအံ အောက်တိုဘာ

ကရင်ပြည်နယ် ဘားအံမြို့တွင် အမကကျောင်း (၃)ကျောင်း၊ လှိုင်းဘွဲမြို့နယ်တွင် (၂)ကျောင်း၊ စုစုပေါင်း(၅)နေရာကို အုပ်စုလိုက်လက်ဆေးကန် ဆောက်လုပ်ပေးရန် ရှိကြောင်း သိရသည်။

ကျောင်းတစ်ကျောင်းအတွက် လက်ဆေးရေပိုက် (၁၀)ခုပါ (၁၆)ပေရှိ လက်ဆေးကန်တစ်ကန်၊ ဂါလံ(၄၀၀)ဆံ့ အမြင့်ရေစင် ပါရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် လှူဒါန်းမည့် အစီအစဉ်ဖြစ်ပြီး ဆောက်လုပ်ပြီးစီးသည့် လှိုင်းဘွဲမြို့နယ် ချမ်းသာကျေးရွာ မူလတန်းကျောင်းရှိ လက်ဆေးကန်နှင့် ပံ့ပိုးပစ္စည်းများကို အောက်တိုဘာလ ၁၀ရက်နေ့က ဖွင့်ပွဲ ကျင်းပခဲ့သည်။

ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်မျိုးတင့်က ကျန်းမာရေး၏အခြေခံအချက်အလက်များသည် ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အသိဉာဏ်ဖွံ့ဖြိုးရေး၌ အဓိက လက်တွေ့ကျသော ကဏ္ဍတစ်ခုအဖြစ်ပါဝင်ကြောင်း၊ ကျန်းမာရေးအခြေခံအချက်များကို မူလတန်း ကျောင်းနေအရွယ်ကတည်းက အလေးထားနိုင်ရန် လေ့ကျင့်ပေးရေးရည်ရွယ်ကြောင်း အခမ်းအနားတွင် ပြောကြားသည်။

ပြည်နယ်ရှိ ဝေးလံသော ဒေသများမှ တိုင်းရင်းသား ကလေးသူငယ်မှအစ နီးစပ်ရာ မိခင်နှင့် ဆွေမျိုးအ သိုင်းအဝိုင်းထိ ကျန်းမာရေး အလေ့အကျင့်ကောင်းများ ထက်သန်စေရန်ရည်ရွယ်ကာ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဥပဒေနှင့် ညှိနှိုင်းရေးရာဌာန လက်ထောက်အထွေထွေမန်နေဂျာ ဦးမိုးသူရက ဟင်္သာဂျာနယ်ကို ပြောသည်။

အလားတူ အခြေခံ အလေ့အကျင့်ကောင်းများစွာကို မူလတန်းကျောင်းနေအရွယ်မှစကာ ထူထောင်နိုင်မည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မာညိုက ပြောသည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပအိုဝ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးငွေစိုး၊ MPTမှ လုပ်ငန်းလည်ပတ်မှုဌာနကြီး ဒုတိယအရာရှိချုပ် ဦးနိုင်ကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

စောအယ်လ်ဒီး

Advertisements
<

Leave a Reply