အခြေခံပညာတန်းများ စာမေးပွဲကာလသတ်မှတ်

ထားဝယ် ဇန်နဝါရီ
၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာတန်းများ စာမေးပွဲကာလသတ်မှတ်ရန် နေပြည်တော်ရှိ အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ ဇန်နဝါရီ ၃ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများကို ဖေဖေါ်ဝါရီ ၁၈ မှ ၂၅ ရက်အတွင်းကျင်းပရန်၊ ၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၆ ရက်မှ ၁၅ရက် အတွင်းကျင်းပရန်ရှိ အခြား ကျောင်းတွင်းစစ်စာမေးပွဲများကို ဖေဖေါ်ဝါရီ ၄ရက်မှ၁၁ရက်နေ့အကြား ကျင်းပရန် အသိပေးလာခြင်းဖြစ်သည်။
စနေ၊ တနင်္ဂနွေ ၊ကျောင်းပိတ်ရက်မှအပကျင်းပရမည်ဖြစ်ကြောင်း ဖော်ပြသည်ဟုလည်း သိရသည်။
အထက်ပါစာဖြင့်အသိ ပေးလာခဲ့သည်ဟု သိရသည်။
စာမေးပွဲကာလသတ်မှတ်ရန်နှင့်ပတ်သက်၍
“ဇန်နဝါရီလ ၉ရက်က မြို့နယ်တွေကို ညွန်ကြားလိုက်ပြီ”ဟု တနင်္သာရီတိုင်းဒေသကြီးပညာရေးမှူး ဒေါ်မြင့်စိန်က ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း၂၀၁၉ ခုနှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူမှာ၂၃၀၅၇ဦးရှိပြီး အဌမတန်းတွင် ၂၁၇၈၃ဦး၊စတုတ္ထတန်းတွင် ၃၅၀၈၃ ဦးဝင်ရောက်ဖြေဆိုမည်ဟု တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
စာစစ်ဌာနအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ၄၈ခု၊ အဌမတန်းစာမေးပွဲအတွက်၃၄၃ခုနှင့် စတုတ္ထတန်းစာမေးပွဲအတွက် ၁၁၈၆ခုဖွင့်လှစ်သွားမည်ဖြစ်သည်။
နဝမတန်းကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲများကို မေလ ၂ရက်မှ ၁၀ရက်အတွင်းစစ်ဆေး၍ အောင်စာရင်းများကို မေလ ၂၃ရက်နေ့ ထုတ်ပြန်ပေးရန်လည်း အထက်ပါ အကြောင်းကြားစာတွင် ဖော်ပြကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ပြီး အစိုးရဌာနဆိုင်ရာနှင့် ပြင်ပတွင် ဝင်ရောက်လုပ်ကိုင်နေသူများ၊ တပ်နှင့်ရဲတပ်ဖွဲ့တွင် အမှုထမ်းနေသူများအနေဖြင့် အခြေခံပညာနှင့် အဆင့်မြင့်ပညာကို ဆက်လက်ဆည်းပူးနိုင်ရန်ရည်ရွယ်၍ နဝမတန်းကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲများကို ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။
တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.