၂။ အရင်က ဆိုက္ကားနင်းသူတို့ဟာ ဆိုက္ကားပိုင်ရှင် မှတဆင့် တစ်နေ့တာ အုံနာကြေးပေးပြီး လုပ်ကိုင်ကြရာမှ အခုအချိန်တွင် ဆိုက္ကားထောင်သူများနည်းပါးသွားတာမို့ ကိုယ်ပိုင် ဆိုက္ကားနင်းကြသူ များပြားလာပါတယ်။

ရန်ကုန် ဧပြီ ၆

သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ကူညီမှု ငါးမျိုးစီ ပံ့ပိုးသွားမည့်အပြင် အိမ်သုံးမီတာ လျှပ်စစ်ဓါတ်အား ၁၅၀ ယူနစ်အထိကို ငွေကြေးကောက်ခံမှု ဧပြီလကုန်ထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အစိုးရက ဧပြီ ၆ ရက် ညဦးပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းထုတ်ပြန်ချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ကိုဗစ် – ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား (၅၀)ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ၊ စုစုပေါင်း ထောက်ပံ့ကူညီမှု (၅)မျိုးစီကို ဧပြီလ ၁၀ ရက်နေ့မှ စတင်၍ အခမဲ့ ဖြန့်ဖြူး ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အား သုံးစွဲမှု (၁၅၀) ယူနစ် အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ဧပြီလကုန်အထိ ပေးသွားမည်ဖြစ်ကြောင်းလည်း ပါရှိသည်။ သို့သော် အဆိုပါကင်းလွတ်ခွင့်ကို သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ပြဆိုသည်။

ထိုသို့ဆောင်ရွက်ရာတွင် မလိုလားအပ်သော လေလွင့်မှုများ၊ ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ကြီးကြပ်မှုဖြင့် စာရင်းကောက်ယူခြင်း၊ ထုပ်ပိုးခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း စသည်တို့ကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပိတ်ရက်အတွင်း လက်လုပ် လက်စားများ၏ စားဝတ်နေရေးနှင့်ပတ်သက်၍ “နိုင်ငံ့ဘဏ္ဍာ၊ COVID ဗဟိုကော်မတီရန်ပုံငွေတို့နဲ့ အကောင်းဆုံး စီမံကိန်းတစ်ခု အကောင်အထည်ဖေါ်ဖို့ စီစဉ်နေပါတယ်။ တစ်နေရာ၊ တစ်ဒေသအတွက်သာ မဟုတ်၊ တစ်နိုင်ငံလုံးအတွက် စဉ်းစားရပါမယ်”ဟု လူမှုကွန်ရက်စာမျက်နှာ Facebook ရှိ ၎င်း၏ အကောင့်တွင် ဧပြီ ၅ ရက် ညနေပိုင်းတွင် ရေးသားဖော်ပြထားသည်။

တစ်ဆက်တည်းတွင် ဗဟိုကော်မတီရန်ပုံငွေအတွက် တတ်နိုင်သမျှ လှူဒါန်းကြရန်လည်း သူမက တိုက်တွန်းဆော်ဩထားသည်။

လူမှုကွန်ရက်စာမျက်နှာထက် အဆိုပါဖော်ပြချက်တွင်ပင် “မီတာခတွေ လျှော့ပေးရေး အကောင်းဆုံး နည်းလမ်း ညှိနှိုင်းနေပါတယ်”ဟုလည်း သူမက ရေးသားခဲ့သည်။

“Facebook မှာ တက်လာချက်များအရ ပြည်သူတွေ သိချင်တဲ့ ကိစ္စများထဲမှာ ထိပ်ဆုံးအချက်တွေကတော့ ပိတ်ရက်အတွင်း လက်လုပ်လက်စားများရဲ့ စားဝတ်နေရေး၊ mask ကိစ္စ၊ မီတာခလျှော့ပေးရေးနဲ့ အင်တာနက်သုံးစွဲမှု နှုန်းထားကောက်ခံမှု လျှော့ပေးရေးတို့ ဖြစ်ပါတယ်”ဟုလည်း အဆိုပါဖော်ပြချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆုံး ရေးသားထားသည်။

Leave a Reply