လာမည့်ရက်ပိုင်းအတွင်း အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးပွဲများ လွှတ်တော်တွင် စတင်မည်ဖြစ်သည်။

ဉာဏ်လှိုင်လင်း Myanmar Now

ယနေ့အချိန်သည် နိုင်ငံရေး၊ အုပ်ချုပ်ရေးတို့၌ ပါဝင်နေသည့် တပ်မတော်၏အခန်းကဏ္ဍကို လျှော့ချရန် မသင့်တော်သေးကြောင်း တပ်မတော်တာဝန်ရှိသူများက ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေး အဓိကထားဆောင်ရွက်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမစတင်မီ သုံးရက်အလို၌ တပ်မတော်အရာရှိကြီးများက ထိုသို့ထုတ်ဖော်ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်သည့်အခါ တပ်မတော်၏အခန်းကဏ္ဍ လျှော့ချပေးရန်ရှိမရှိ နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ဇန်နဝါရီ ၂၃ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ Myanmar Now ကမေးမြန်းစဉ် ထိုသို့ပြန်ဖြေကြခြင်းဖြစ်သည်။

“ဘုံအကျိုးစီးပွားနဲ့ နိုင်ငံနဲ့ အမျိုးသားအကျိုးစီးပွားအတွက် အားလုံး တညီတညွတ်တည်း လက်ခံဆောင်ရွက်နိုင်ပြီဆိုရင် ကျွန်တော်တို့တပ်မတော်က အဓိကတာဝန်ကိုပဲ ထမ်းဆောင်ဖို့ အသင့်ရှိပါတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားသူ ၎င်းက လက်ရှိ တိုင်းပြည်၏တည်ငြိမ်မှုအခြေအနေများကို နိုင်ငံတကာစံချိန်စံညွှန်းများဖြင့် ချိန်ထိုးကြည့်ပါက ယင်းသို့သော အခြေအနေမျိုး မရှိသေးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်သည့် ၎င်းက ပြောသည်။

အဆိုပါအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးကလည်း “အဓိကကတော့ နှစ်ချက်ပေါ့။ နိုင်ငံရေးအရအာမခံချက် ရှိပြီးတော့ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိတဲ့အချိန်ဆိုတာမျိုး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ပြောထားပါတယ်” ဟု ပြောသည်။

သို့သော် အခြေခံဥပဒေပြင်ဆင်ရာတွင် တပ်မတော်၏အခန်းကဏ္ဍ လျှော့ချရန်ရှိမရှိနှင့် စပ်လျဉ်း၍မူ ထည့်သွင်းဖြေဆိုသွားခြင်း မရှိပေ။

အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက လက်ရှိအခြေခံဥပဒေ၌ လွှတ်တော်များအတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းစီပါဝင်မှု၊ အစိုးရအဖွဲ့အတွင်း တပ်မတော်အရာရှိကြီးသုံးဦးတာဝန်ယူသော ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်‌ရေးရာ ဝန်ကြီးဌာနတို့ ရှိနေခြင်းမှာ လိုအပ်၍သာဖြစ်ကြောင်း ပြောသည်။

“ဒီဟာတွေသည် အတိုင်းအတာတစ်ခုအထိ လိုအပ်လို့ လုပ်ထားတာဖြစ်တယ်။ ဒီမိုကရေစီကို တစ်ကယ်လိုလားတယ်ဆိုရင် မတည့်အတူနေဝါဒကိုလည်း လက်ခံရမယ်။ အချိန်အတိုင်းအတာတစ်ခုထိ ညှိနှိုင်းနိုင်ရမယ်၊ ဘောင်ထဲကဆွေးနွေးနိုင်ရပါမယ်” ဟု ၎င်းက ဆိုသည်။

လိုအပ်သည်ဆိုသော အခြေအနေများ၊ တပ်မတော်က မည်သည့်အချိန်တွင် ၎င်း၏အခန်းကဏ္ဍကို လျှော့ချမည် စသည်တို့နှင့် စပ်လျဉ်း၍မူ တပ်မတော်အရာရှိကြီးများက အသေးစိတ်၊ တိတိကျကျပြောဆိုခြင်း မရှိပေ။

ဇန်နဝါရီ ၂၇ ရက်တွင် စတင်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သော အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီက လက်ရှိအခြေခံဥပဒေတစ်အုပ်လုံးကို ပြန်လည်သုံးသပ်ပြင်ဆင်ထားသည့် အခြေခံဥပဒေမူကြမ်းနှစ်ရပ် တင်သွင်းရန် ရှိနေသည်။

ထို့အတူ တပ်မတော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ သီးခြားစီတင်သွင်းထားသော အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း ၅ ခုကိုလည်း ပြည်ထောင်စုလွှတ်တော်၌ အထက်ပါဥပဒေကြမ်းနှစ်ရပ်နှင့်အတူ တစ်ပါတည်းဆွေးနွေးဆုံးဖြတ်ရန် ရှိသည်။

တပ်နှင့်ပြည်ခိုင်ဖြိုးတို့ တင်သွင်းထားသော အခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းများတွင် တပ်မတော်၏အခန်းကဏ္ဍ လျှော့ချရန်မပါဝင်ဘဲ တပ်မတော်ကြီးစိုးသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်ကို ပိုတိုးရန်၊ ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်ခွင့်ကို ဆုံးရှုံးစေခဲ့သည့် လက်ရှိအခြေခံဥပဒေပါ သမ္မတအရည်အချင်းကန့်သတ်ချက် ပုဒ်မ ၅၉(စ)ကို တိုင်း၊ပြည်နယ် အစိုးရအဖွဲ့ဝင်များအတွက်ပါ ထပ်မံတိုးချဲ့ရန် စသည့်အချက်များ ပါဝင်သည်။

လက်ရှိအခြေခံဥပဒေအရ ပြဌာန်းချက်တစ်ရပ်ကို ပြင်ဆင်လိုလျှင် အနိမ့်ဆုံးအားဖြင့် ပြည်ထောင်စုလွှတ်တော်အမတ်စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရန် လိုအပ်သည်။

လက်ရှိပြည်ထောင်စုလွှတ်တော်၌ ၅၈ ဒသမ ၅၉ ရာခိုင်နှုန်းအထိရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်အများဆုံးဖြစ်ပြီး တပ်မတော်က ၂၅ ရာခိုင်နှုန်းဖြင့် ဒုတိယအင်အားအကြီးဆုံးအဖြစ် ရပ်တည်နေသည်။

Leave a Reply