မွန်ပြည်နယ်တွင် အခွန်ငွေများပိုမိုရရှိလာစေရန်အတွက် ပြည်နယ်အတွင်းရှိအခွန်တိမ်းရှောင်နေသောလုပ်ငန်းရှင်များကိုဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကဟင်္သာမီဒီယာသို့ ပြောကြားသည်။

MMO

“လုပ်ငန်းရှင်တွေကများသောအားဖြင့် အခွန် ရှောင်နေကြတယ်၊ သူတို့ကိုထိခိုက်နစ်နာစေချင်လို့ မဟုတ်ဘူး၊ အခွန်ရှောင်တဲ့ လူတွေပိုဖော်ချင်လို့ ဖြစ်တယ်၊ မဖော်လို့ မရဘူးဖော်ကိုဖော်ထုတ်ရမယ်”ဟု ၎င်းက ပြောဆိုသည်။

ပြည်နယ်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလုပ်ဆောင်ရာတွင် ပြည်နယ်အတွင်းကောက်ခံရရှိသည့် အခွန်နှင့်သာရပ်တည်လုပ်ဆောင်နေရသောကြောင့် အခွန်ငွေများရရှိရန်လိုအပ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကပြောသည်။

မွန်ပြည်နယ်အတွင်းရှိစီးပွားရေးလုပ်ငန်းရှင်များသည် မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အခွန်ငွေများကိုတစ်ဝက်စီသာပေးဆောင်နေကြကြောင်းကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်မွန်ကပြောကြားသည်။

အလားတူ ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်ရှိအခွန်ဥပဒေ၊ နည်းဥပဒေများကိုအခွန်ဥပဒေ၊ နည်းဥပဒေအတိုင်းလုပ်ဆောင်၍ လိုအပ်ပါကအရေးယူမှုများကို ပြုလုပ်သင့်ကြောင်း ၎င်းက ပြေကြားသည်။

“ဒီအစီအစဉ်ကသိပ်ကောင်းတယ်၊ ပြည်နယ်မှာကအခွန်မထမ်းဆောင်တဲ့ သူတွေတော်တော်များနေတယ် ဒါပေမယ့် နှစ်စဉ်အခွန် ထမ်းဆောင်တဲ့ သူတွေတော့ရှိတယ်၊ အခွန်တိမ်းရှောင်တဲ့ သူတွေကိုဖော်ထုတ်သင့် တယ်”ဟုမွန်ပြည်နယ် ကုန်သည် စက်မှုလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးလှရှိန်ကပြောဆိုသည်။

လက်ရှိမွန်ပြည်နယ်တွင် ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်ပုံမှန်ပေးသွင်းသည့် နံ့သာဖြူဟိုတယ်သည် ဝင်ငွေခွန်ထမ်း ဆောင်သူထိပ်ဆုံး ၁၀ ဦးထဲတွင် နှစ်နှစ်ဆက်တိုက် နံပါတ်တစ်နေရာရရှိခဲ့ကြောင်းမွန်ပြည်နယ် အခွန်ဦးစီးဌာမှူး ရုံးထံမှ သိရသည်။

Leave a Reply