Advertisements

မွန်ပြည်နယ်အတွင်းမှ စားသောက်ဆိုင်များတွင် ငွေရှင်းပြေစာ၌ အခွန်တံဆိပ်ခေါင်း ကပ်နှိပ် ရောင်းချမှု နည်းပါးနေလျက်ရှိကြောင်း ပြည်နယ် ပြည်တွင်း အခွန်များဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အခွန်တံဆိပ်ခေါင်းဖြင့် ရောင်းချမှု နည်းပါးနေသည့်အတွက် ပြည်တွင်း အခွန်ရရှိမှုလည်း လျော့ကျလာနိုင်ခြင်းကြောင့် စားသုံးသူများအနေဖြင့် တိုင်းကြားကြရန် နှင့် တိုင်ကြားသူ၏ အမည်ကို လျှိူ့ဝှက်ထားပေးမည့်အပြင် ဆုငွေလည်း ပြန်လည် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြည်သူက ဘောင်ချာတွေမှာ အခွန် ငါးရာခိုင်နှုန်း ပါ မပါဆိုတာ ကြည့်ရမယ်၊ တံဆိပ်ခေါင်း မကပ်ဘူးဆိုရင် အဲဒီပိုက်ဆံက သူတို့ဆီ ပါသွားမှာ ဖြစ်တယ်၊ ပြည်သူက အဲဒီတံဆိပ်ခေါင်း မပါရင် တိုင်ကြားပေးပါလို့ ပြောချင်တယ်” ဟု ၎င်းက ပြောသည်။

အခွန်တံဆိပ်ခေါင်း မကပ်သည့် ဆိုင်များကို ပထမအကြိမ် စစ်ဆေးတွေ့ရှိပါက ကျပ် နှစ် သိန်း ၊ ဒုတိယ အကြိမ် ကျပ်ငါး သိန်း၊ တတိယအကြိမ် ကျပ် ခုနစ် သိန်း၊ စတုတ္ထအကြိမ် ကျပ် ၁၀ သိန်း အပြင် တစ်ကြိမ် ပျက်ကွက်တိုင်း ကျပ် ၁၀ သိန်းစီ ထပ်မံ ဒဏ်ရိုက်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

မလိုက်နာသည့် ဆိုင်များတွေ့ရှိပါက ပြည်တွင်း အခွန်ဦးစီးဌာနရုံးတွင် လာရောက် တိုင်ကြားနိုင်ပြီး ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊

မွန်ပြည်နယ်တွင် ယခုနှစ် ဧပြီလမှ အောက်တိုဘာလ တတိယအပတ်အထိ ငါးလအတွင်း တံဆိပ်ခေါင်း မကပ်သည့် စားသောက်ဆိုင် သုံး ဆိုင်ကိုသာ ဒဏ်ငွေရိုက် အရေးယူထားကြောင်း သိရသည်။

“ကျွန်တော်တို့ တွေ့ရသလောက်ဆို အခွန်တံခွန်ခေါင်းကပ်ပြီး ရောင်းချတဲ့ ဆိုင်တွေ တော်တော်လေး နည်းနေသေးတယ်။ ဒဏ်ရိုက်မှုတွေ များများလုပ်သွားရင် တံဆိပ်ခေါင်း ကပ်လာကြမှာပါ”ဟု မော်လမြိုင်မြို့ မှ ဒေသခံ တစ်ဦးက ဆိုသည်။

ယခင်နှစ်က မွန်ပြည်နယ်တွင် အခွန်တံဆိပ်ခေါင်းမကပ်သည့် စားသောက်ဆိုင် ခြောက်ဆိုင်ကို ဒဏ်ငွေ ရိုက် အရေးယူခဲ့ရာ မော်လမြိုင်မြို့နယ်မှ လေး ဆိုင်နှင့် ကျိုက်ထိုမြို့နယ်မှ နှစ်ဆိုင်တို့ပါဝင်ကြောင်း ပြည်နယ် ပြည်တွင်း အခွန်များ ဦးစီးဌာန မှတ်တမ်းအရ သိရသည်။

Written by – MMKဇော်ထိုက်

Advertisements
<

Leave a Reply