အခွန်တံဆိပ်အတုကပ်ထားသော အရက်ပုလင်းများကို ဖျက်ဆီး

ထားဝယ်၊ အောက်တိုဘာ

ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ်တို့မှ အရက်ဖြူပုလင်း၇၉၂ လုံးတွင်ကပ်နှိပ်ထားသည့် အခွန်အမှတ်တံဆိပ်များမှာ အတုများဖြစ်ကြောင်း စစ်ဆေးတွေ့ရသည့်အတွက် သိမ်းဆည်းပြီး အောက်တိုဘာလ ၄ရက်နေ့က တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးဝင်းအတွင်း ယင်းတို့ကို ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။

“အထူးကုန်စည် ဖြစ်တဲ့အရက်ဟာ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးထားတဲ့အခွန်အမှတ်တံဆိပ်တွေမဟုတ်ဘဲနဲ့ အတုတွေ ဖြစ်နေလို့ နောက်တစ်ခုကတံဆိပ်တွေ မှားယွင်းပြီးတော့ ကပ်လို့ ဒီနှစ်ခုကြောင့်ဖျက်ဆီးပစ်လိုက်တာပါ” ဟု တနင်္သာရီတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးလေးမောင်က ဆိုသည်။

ဖျက်ဆီးခဲ့သည်များမှာ ထန်း အမှတ်တံဆိပ် အရက်ပုလင်းများဖြစ်သည်ဟု သိရသည်။

ထားဝယ်မြို့နယ်တွင် အရက်ပုလင်း ၃၆၀ နှင့် မြိတ်မြို့နယ်တွင် ၄၃၂ ပုလင်း စုစုပေါင်း ၇၉၂ပုလင်းကို ပြည်တွင်းအခွန်များဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ပုဂ္ဂိုလ်များ ပါဝင်သော အထူးကုန်စည်စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးခဲ့သည်ဟုသိရသည်။

အခွန်တံဆိပ် မှားယွင်းကပ်ခြင်းဆိုသည်မှာ မသုံးရဟု သတ်မှတ်ပြဋ္ဌာန်းထားသည့် တစ်ချိန်ကထုတ်ပေးထားသည့် အခွန်အမှတ်တံဆိပ်များကို မှားယွင်းစွာကပ်ခြင်း ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။

ယင်းသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အရေးယူမှုဆောင် ရွက်ရန် အဆင့်အလိုက်တင်ပြရဦးမည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးလေးမောင်က ပြောသည်။

ယင်းကိစ္စ အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၂၂ (ဂ) အရကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း ဒဏ်ငွေတပ်ရိုက်ခဲ့ကြောင် းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။

ထားဝယ်မြို့နယ်မှ အထူးကုန်စည်ခွန်ဒဏ်ငွေ ၂၁၆၀၀၀ ကျပ်နှင့် မြိတ်မြို့နယ်မှ အထူးကုန်စည်ခွန်ဒဏ်ငွေ ၂၅၉၂၀၀ ကျပ် ကောက်ခံရရှိခဲ့သည်ဟု ဝန်ကြီးက ဆိုသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.