Advertisements

မွန်ပြည်နယ်တွင် လမ်းခင်းကျောက်ထုတ်လုပ်သည့် ကုမ္ပဏီပေါင်း ၁၀၁ ခုအထိ ရှိ၏။

ထိုလုပ်ငန်း အားလုံးမှ ရရှိသည့် အခွန်ငွေမှာ ကျိုက်ထီးရိုးဘုရားဖူးမှရသော နိုင်ငံခြား ဝင်ငွေထက်ပင်နိမ့်နေသည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုယ်တိုင်ထောက်ပြဝန်ခံထားရသည်။

ယင်းအခြေအနေတို့ကြောင့် ပြည်နယ်အစိုးရအဖွဲ့က ကျောက်မိုင်း လုပ်ငန်းရှင်များကို သြဂုတ် ၃၀ ရက်က အစိုးရရုံးတွင် ခေါ်ယူတွေ့ဆုံထားပါသည်။

ထုတ်လုပ်မှု အခြေအနေ

ကျောက်မိုင်း ကုမ္ပဏီ ၁၀၁ ခုသည် ပြီးခဲ့သည့်နှစ်က ကျောက်ကျင်းရေ ၃၄၀၀၀၀ ကျော် ထုတ်လုပ်မည်ဟု အစိုးရအဖွဲ့ထံ တင်ပြထား၏။

ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က “အခု အခြေအနေက မူလ သတ်မှတ်ထားတဲ့ ကျောက်ကျင်းအရေအတွက်ထက် ပိုထုတ်တဲ့ လုပ်ငန်းရှင်တွေရှိတယ်”ဟု ပြောသည်။

ထိုကိစ္စရပ်ကို Long Life Aggate Mining Co.,ltd ကျောက်မိုင်း ကုမ္ပဏီ ပိတ်သိမ်းရေးအတွက် သုံးကြိမ်တိုင်တိုင် ဆန္ဒပြတောင်းဆိုဖူးသော ပေါင်မြို့နယ် ဥတ္တံတားကျေးရွာမှ ဦးဆောင်သူ ဦးမြင့်အောင်က ယခုလို ဆိုပြန်၏။

“ကျောက်မိုင်း ကုမ္ပဏီတွေကို ကျွန်တော်တို့ လေ့လာကြည့်တော့ တစ်နှစ်စာ(ခွင့်ပြုချက်ရထားသည့်ပမာဏကိုရည်ညွှန်း) ဟာ သူတို့ တစ်လစာ ထုတ်တဲ့ ကျောက်ကျင်း အရေအတွက်ပဲ ရှိတယ်”ဟု ၎င်းက ပြောသည်။
ထိုအခြေအနေကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ သိထားပါသလား။

ဝန်ကြီးချုပ်က “ကျွန်တော်တို့ စုံစမ်းသိရှိရသလောက် အဲဒီထက်အဆပေါင်းများစွာ ထုတ်ယူခဲ့တယ်ဆိုတာကျွန်တော်တို့ သိရှိခဲ့ရတယ်၊ ကျောက်မိုင်းတစ်ခုဟာတင်ပြထားတဲ့အချက်အလက်အတိုင်းမထုတ်ဘဲနဲ့ တစ်လတစ်လ ဘယ်လောက်ထုတ်သလဲဆိုတာ ကျွန်တော်အသိဆုံးပဲဖြစ်ပါတယ်”ဟု ဆိုထားပါသည်။

တစ်ဧက ကျောက်ကျင်းရေ ၁၅၀၀ ထုတ်လုပ်မည့် ကုမ္ပဏီသည် တစ်နှစ်လျှင် ကျောက်ကျင်းရေ ၄၀၀၀၀ အထိ ထုတ်လုပ်နေသည်ဟုလည်း ဝန်ကြီးချုပ်က ထောက်ပြ၏။

ထို့အတွက်ကြောင့် ကုမ္ပဏီများအနေဖြင့် မိမိတို့ ထုတ်လုပ်မည့် ကျောက်ကျင်းရေများကို စာရင်း အတိအကျ တင်ပြပေးရန် ၎င်းက တိုက်တွန်း၏။

Long Life Aggate Mining Co.,ltd ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်သက်ဌေးကမူ“အစိုးရကို တင်ပြတဲ့အတိုင်းပဲ ထုတ်ပါတယ်”ဟု ဆိုသည်။

ယင်းအပြင် မိမိတို့ ကျောက်လုပ်ကွက်မှာ ဧကပေါင်း ၁၀၀ အထိ ရှိသော်လည်း အမှန်တကယ် ထုတ်လုပ်နေသည့် လုပ်ငန်းဧကမှာ ၃၀ သာ ရှိနေသည်ဟု ၎င်းက ပြောသည်။

ကျောက်ကျင်းအရေအတွက် ထုတ်လုပ်မှုတွင်လည်း တစ်နှစ်စာ ၃၂၀၀၀ သာ ထုတ်လုပ်နေသည်ဟု ဆို၏။

သို့သော် အထက်ဖော်ပြပါ ဆွေးနွေးချက်များရှိခဲ့သည့် အစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲသို့ ကျောက်ထုတ်လုပ်ငန်း ကုမ္ပဏီ အများစုမှ အကြီးအကဲများ တက်ရောက်ခြင်း မရှိခဲ့ပေ။

ဘာတွေဆုံးရှုံးနေလဲ

ယင်းအခြေအနေများကြောင့် အခွန်မည်မျှ နစ်နာနေသနည်း။
ကျိုက်ထီးရိုးဘုရားဖူးများထံမှရသည့် နိုင်ငံခြား ဝင်ငွေသည် တစ်နှစ် လျှင် ကျပ် ၁ ဒသမ ၄ ဘီလီယံ ရရှိနေ၏။
ပြည်နယ်အတွင်း ကျောက်မိုင်းကုမ္ပဏီ ၁၀၁ ခုမှ ထမ်းဆောင်နေသော အခွန်သည် တစ်နှစ်လျှင် ကျပ် ၁ ဒသမ ၃ ဘီလီယံသာ။

ထိုကိစ္စရပ်ကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ယခုလို မေးခွန်း ထုတ်သွားခဲ့၏။
“ကျောက်မိုင်းတွေက ဒီလောက်တူးနေတာအားလုံးသိပါတယ် ၁ ဘီလီယံမပြည့်ဘူးဆိုတော့ ဖြစ်သင့်လား”ဟူ၍။
ညွှန်ကြားရေးမှူး ဦးစိုးမြင့်ကလည်း ကျောက်လုပ်ငန်းရှင်များသည် ကျောက်ကျင်းရေ နှစ်ထောင်နှင့် အထက် ထုတ်လုပ်ပါက ကုန်သွယ်လုပ်ငန်းခွန်အပါအဝင် ဝင်ငွေခွန်တို့ကို ပေးဆောင်ရမည်ဖြစ်ကြောင်း ပြော၏။

“အခုဟာက ကုန်သွယ်ခွန်လည်းမဆောင်ဘူး၊ ဝင်ငွေခွန်လည်းမဆောင်တဲ့အခါကျတော့ အများကြီးနစ်နာမှုဖြစ်တယ်၊ လုပ်ငန်းလိုင်စင်ယူထားပြီး မထုတ်တဲ့အခါကျတော့ အခွန်ဦးစီးဌာနအနေနဲ့ အများကြီးနစ်နာတာပေါ့”ဟု ၎င်းက မှတ်ချက်ပြု၏။

ထို အခြေအနေကို ကျိုက်ထိုမြို့နယ်မှ ကျောက်မိုင်း လုပ်ငန်းရှင် ဦးအေးမင်းက ယခုလို ပြောဆို၏။
“ကျွန်တော်တို့အနေနဲ့တော့ ဒီနှစ်ကနေစပြီး အပြည့်အဝအာမခံတာကတော့ ကျွန်တော်တို့ထုတ်တဲ့ကျောက်ကျင်းနဲ့ အတိအကျ အခွန်ဆောင်ပေးပါ့မယ် ကျွန်တော်တို့ အခွန်ဆောင်သလို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကျွန်တော်တို့ကို တတ်နိုင်သလောက်ကူညီပေးဖို့ပဲ တောင်းဆိုချင်ပါတယ်”ဟု ၎င်းကပြောသည်။

မည်သို့ ထိန်းချုပ်မည်နည်း

ကျောက်မိုင်း ထိန်းချုပ်မည့် ကိစ္စရပ်အတွက် မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ယခုလို မှတ်ချက်ပြု၏။

“ဒီနှစ်မှာတော့ EMP (ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်) မရေးဆွဲထားတဲ့ကျောက်မိုင်းတွေနဲ့ ပတ်သက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သဘောထားမှတ်ချက်တောင်းတဲ့နေရာမှာ ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနအနေနဲ့ EMP မရေးဆွဲထားတဲ့ကျောက်မိုင်းတွေကို ကန့်ကွက်သွားမှာဖြစ်တယ်”ဟု ဆိုသည်။
ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် EMP ကို ရေးဆွဲထားလျှင်မူ လုပ်ငန်းကို အကာအကွယ် ပေးသွားမည်ဟု ၎င်းကပြောသည်။

ထို့အတူ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လည်း“ကျောက်ကျင်းထုတ်လုပ်မယ့် အပြည့်အဝစာရင်းတင်ထားတယ်၊ တိတိကျကျစာရင်းတင်ထားရင် ကျွန်တော်တို့ လုပ်ပိုင်ခွင့်လည်းပေးမယ် အကာအကွယ်အစောင့်အရှောက်တွေလည်းပေးပါ့မယ်”ဟု ပြောထားသည်။

မွန်ပြည်နယ်လွှတ်တော်ဘက်ကမူ ထိုသို့မြင်၏။
ပြည်နယ် လွှတ်တော် တိုင်ကြားစာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက “ကျောက်မိုင်းနဲ့ပတ်သက်ပြီး အရမ်းစစ်ဆေးရလွယ်တယ်၊ ဥပမာ သူတို့မဖြိုခင် လက်ရှိရှိနေတဲ့ ထုထည်ကိုတိုင်းပြီး မှတ်သားထားလို့တယ် နောက်တစ်နှစ် သက်တမ်းတိုးတဲ့အချိန်မှာ သူတို့ ဘယ်လောက်ထုတ်သုံးသွားသလဲဆိုတာ တွက်လို့ရတဲ့ ဖော်မြူလာတွေရှိပြီးသားပဲ အဲဒါ သူတို့ ငြင်းလို့မရဘူး”ဟု ဆိုသည်။

ကျောက်မိုင်း ပိတ်သိမ်းရေး ဆန္ဒပြ တောင်းဆိုသူ ဦးမြင့်အောင်၏ မှတ်ချက်ကတော့ ယခုလိုပင်။
“ကျောက်တွေကို တကယ်လိုအပ်လို့ ထုတ်နေတယ်ဆိုရင် စည်းကမ်း ဥပဒေတွေနဲ့ လုပ်သင့်တယ်၊ နောက်တော့ နိုင်ငံတော်က ရသင့်ရထိုက်တာတွေကို ပြည့်ပြည့်ဝဝ ရစေချင်တယ်”ဟူ၍။

Written by သက်ပိုင်

Advertisements
<

Leave a Reply