အခွန်သည် လူတိုင်း၏ တာဝန်ဖြစ်ပြီး မသိကျိုးကျွန်နေသူများလည်း ရှိနေကြောင်း သမ္မတပြောကြား

နေပြည်တော် ၊ မတ်

အခွန်သည် လူတိုင်း၏တာဝန်ဖြစ်ပြီး တာဝန်ကိုမသိ၍ မလုပ်သည့်သူများရှိကြောင်း ၊ သိရှိပြီး မသိကျိုးကျွန်နေသူများလည်းရှိကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်မှာ သိရှိပြီး အထိုက်အလျောက် တာဝန် ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်များလည်းရှိကြောင်း၊ အပြည့်အဝ တာဝန်ထမ်းဆောင်သည့် ပုဂ္ဂိုလ်များလည်းရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

မတ်လ ၆ ရက်က နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပသည့် ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်သည့် အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော် သမ္မတဦးထင်ကျော် ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ သမ္မတအနေဖြင့်ပြောလိုသည်မှာ အခမ်းအနားသို့ ကြွရောက်လာသည့် ပုဂ္ဂိုလ်များအပြင် အခွန်တာဝန်ကျေကြသည့် အခြားပုဂ္ဂိုလ်များလည်း ရှိကြမည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း၊ အခွန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အနည်းငယ်ဆန်းသလိုဖြစ်နေခဲ့သော်လည်း ယခုအချိန်တွင် များစွာနိုးကြားလာကြပြီဖြစ်ကြောင်း၊ အခွန်ထမ်းဆောင်ခြင်းသည် နိုင်ငံသူ နိုင်ငံသား တိုင်း၏ တာဝန်ဖြစ်ကြောင်း၊ အထူးသဖြင့် လုပ်ငန်းရှင်များသည် ပြည်ပနှင့် ထိတွေ့ဆက်ဆံနေသူများဖြစ်ကြ၍ အခွန်ထမ်းဆောင်ခြင်း အလေ့အထနှင့် တာဝန်ကို ပိုမိုသိရှိကြမည်ဟု ယုံကြည်ကြောင်းတိုက်တွန်းပြောဆိုခဲ့သည်။

မိမိတို့ နိုင်ငံတွင် အဆိုပါ အလေ့အကျင့်၊ အဆိုပါ ယဉ်ကျေးမှု အားနည်းလျက်ရှိကြောင်း၊ သို့ဖြစ်၍ တစ်ဖက်တစ်လမ်းမှ ပါဝင်၍ အခွန်ထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များကို ကျေးဇူးတင်ပါကြောင်းလည်း နိုင်ငံတော်သမ္မတက ဆိုသည်။

အဆိုပါအခမ်းအနားတွင်၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်အများ ဆုံးပေးဆောင်ခဲ့သူ ၁၀ ဦးနှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့သူ ၁၀ ဦး တို့အားနိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အေ ဝမ်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်