ထားဝယ် မတ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအအနေဖြင့် ပြည်သူ့ဘဏ္ဍာကို သုံးစွဲရာတွင်သော်လည်းကောင်း၊ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင်သော်လည်းကောင်း ပွင့်လင်းမြင်သာစွာနှင့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအတိုင်း အဂတိတရားကင်းစွာ ရှေ့ဆက်ဆောင်ရွက်ကြရန် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက တိုက်တွန်းသည်။

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၉) နောက်ဆုံးနေ့ မတ်လ ၂၈ရက်တွင် အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် တိုင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီးများအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးသည် လွှတ်တော်အတွင်း သုံးနှစ်တာကာလ ဖြတ်သန်းကာ အတွေ့အကြုံရရှိထားသူများဖြစ်ကြပြီး လွှတ်တော်၊ ပြည်သူများ၏လိုအင်၊ ဆန္ဒ၊ အခက်အခဲများကို ကောင်းစွာ သိရှိသူများ ဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။

“စီမံခန့်ခွဲမှုတာဝန်ကို ယူတဲ့အချိန်မှာ ပြည်သူကို မမေ့ဖို့ သတိပေးလိုပါတယ်”ဟု ဦးခင်မောင်အေးက ဆိုသည်။

အစိုးရ အကောင်အထည်ဖော်နေသည့် လုပ်ငန်းများမှာ ပြည်သူများ သိရှိအောင် ပွင့်လင်းမြင်သာစွာ ရှင်းပြရန်၊ ပြည်သူများ၏ အခက်အခဲပြဿနာများကိုလည်း လျင်မြန်စွာ တုံ့ပြန် ဖြေရှင်းပေးရန်၊ ဘက်လိုက်မှု ကင်းစွာနှင့် ဆင်းရဲ ချမ်းသာမရွေး တန်းတူညီမျှစွာ အခွင့်အရေးပေးမှု ဆိုသည့် အချက်များကို ကျန်ရှိသည့် ၂နှစ်ကာလတွင် အစဉ်သတိထားလျက် စီမံခန့်ခွဲကြရန် ၎င်းက တိုက်တွန်းသည်။

ထို့အပြင် မည်သူ့ကိုမဆို တည်ဆဲဥပဒေများနှင့်အညီသာ လုပ်ပိုင်ခွင့် ပေးရန်၊ မိမိဆောင်ရွက်ချက်အပေါ် တာဝန်ခံ၊ တာဝန်ယူမှု ရှိရန်၊ ပြည်သူများနှင့် အပြန်အလှန် ဆက်ဆံရေး ကောင်းမွန်အောင် ကျင့်သုံးရန်လည်း ၎င်းက ဆော်ဩခဲ့သည်။

မတ်လ ၂၅ရက်တွင် ပြုလုပ်သည့် အရေးပေါ်အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်ကလည်း သန့်ရှင်းကောင်းမွန်သော၊ အဂတိကင်းစင်သော၊ ပွင့်လင်းမြင်သာမှုရှိသော၊ တာဝန်ခံ၊တာဝန်ယူမှုရှိသော အစိုးရတစ်ရပ်အနေဖြင့် စီမံဆောင်ရွက်သွားမည်ဟု ကတိကဝတ် ပြုထားခဲ့သည်။

တိုင်းအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒဒေဖြင့် လက်ရှိ တရားရင်ဆိုင်နေရပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးတို့မှာလည်း တာဝန်မှ ၎င်းတို့ ဆန္ဒအလျောက် မကြာသေးမီကပင် အနားယူခဲ့သည်။

လက်ရှိအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဒေါ်ရီရီချို၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအဖြစ် ဦးသူရအောင်၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဦးလှထွေးတို့က တာဝန်ထမ်းဆောင်မည် ဖြစ်သည်။

တင့်လွင်

Leave a Reply