မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားသည့်ကိစ္စများအပေါ် ကော်မရှင်၏အကြောင်းကြားစာနှင့်ပတ်သက်ပြီး တိုင်ကြားသူများအနေနှင့်သဘောကျကျေနပ်မှုမရှိကြောင်းတိုင်ကြားသူများထဲက တစ်ဦးဖြစ်သည့် ရေးတော်ဝင်သတင်းလွှာ အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက ပြောကြားသည်။

အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို ကျပ်သန်း ၁၀၀၀ ဖြင့် တင်ဒါမခေါ်ဘဲ SMD ကုမ္ပဏီထံ လုပ်ပိုင်ခွင့်ပေးခြင်းနှင့် ကျိုက်ထီးရိုးတောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးစက်ကိစ္စများတွင် တင်ဒါ လုပ်ထုံးလုပ်နည်းများ၊ ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဟု ဆိုကာ မွန်ပြည်နယ်ဝန်ကြီးချုပ်ကို ဇွန် ၁၈ ရက်နေ့စွဲဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားခြင်းလည်းဖြစ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ကိုမွန်ပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူ ၉ ဦးက တိုင်ကြားခဲ့ခြင်းလည်း ဖြစ်သည်။ ထို့တိုင်ကြားစာတွင် တင်ဒါ လုပ်ထုံးလုပ်နည်းများ ငွေရေးကြေးရေးလုပ်ထုံးလုပ်နည်းများနှင့် မညီကြောင်းသာပါရှိပြီး  နိုင်ငံ့ဘဏ္ဍာငွေ နစ်နာဆုံးရှုံးသွားကြောင်း အရေးကြီးသက်သေခံချက်များ မပါရှိသည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥပဒေအရအရေးယူနိုင်ခြင်းမရှိကြောင်း ကော်မရှင်၏ ပြန်ကြားစာတွင် ပါရှိသည်ဟု ဦးအောင်နိုင်ဝင်းက ပြောကြားသည်။

“အစ်ကိုတို့တင်ပြသွားတာတွေက အခိုင်မာဆုံးသက်သေတွေ အခိုင်မာဆုံး လွှတ်တော်မှာ ပြောသွားတဲ့ဟာတွေက အချက်အလက်တွေ အပေါ်မှာ အခြေခံပြီးတော့မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားတာ” ဟု ၎င်းကဆိုသည်။

ထို့အပြင် ရှေ့ဆက်လုပ်မည့်ကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားသူ ၉ ဦးအနေဖြင့် ညှိနှိုင်းနေပြီး ခုလက်ရှိတွင် သတင်းထုတ်ပြန်၍ မရသေးကြောင်း ဦးအောင်နိုင်ဝင်းက ပြောသည်။

ထိုတိုင်ကြားစာ ပြန်ကြားမှုနှင့် ပတ်သက်ပြီး မိမိအနေဖြင့် တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုမှု မပြုလိုကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဆိုသည်။

ထိုတိုင်ကြားစာနှင့််ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရနှင့်သက်ဆိုင်သည့် ကုမ္ပဏီများကိုအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှစုံစမ်းစစ်ဆေးထားပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးကဆိုသည်။

ရန်လင်းအောင်

Leave a Reply