Advertisements

မော်လမြိုင် ဇွန် ၂၄

အဂတိလိုက်စားမှု လျော့ပေါ့ရေးမှသည် လုံးဝ ပပျောက်သွားသည်အထိ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ဇွန် ၂၀ ရက်ကပြုလုပ်သည့် “အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ” အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယင်းသို့ ပြောသည်။

အဆိုပါအခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် UNDP တို့ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။

ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ၎င်းက “အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ပြည်နယ်အစိုးရအဖွဲ့၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများပူးပေါင်း၍ အဂတိတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်များမြှင့်တင်ခြင်းဖြင့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းတို့ကို ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပူးပေါင်းရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။

ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ပြည်သူယုံကြည်ရသည့်ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် တက်စွမ်းသမျှ ကြိုးပမ်းကြရန်နှင့် အဂတိပပျောက်ရေးအတွက် အတ္တကိုရှေ့တန်းမတင်ပဲ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်ကန်စွာဆောင်ရွက်ရန်၊ အဂတိ (၄) ပါးကို ရှောင်ကြဉ်ရန်လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

“ပြည်သူတွေပေးပို့တဲ့ သတင်းတွေ ၊ တိုင်ကြားစာတွေအရ ဒီနေ့အချိန်ထိ တချို့ဌာနဆိုင်ရာတွေမှာ အဂတိလိုက်စားမှု ပယ်ဖျက်နိုင်ခြင်းမရှိဘဲ မျက်စိမှိတ် ဆောင်ရွက်နေကြဆဲဆိုတာ ကြားသိရပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံကပြောသည်။

သို့ဖြစ်၍ ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးမှုကို လျှော့ချနိုင်ရန်၊ အဂတိလိုက်စားမှု သိသာထင်ရှားစွာ ကျဆင်းသွားရန်နှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ အဆင့်တိုးတက်လာစေရန် ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော်ကြရန်လည်း တိုက်တွန်းပြောဆိုခဲ့သည်။

Photo From Acc Myanmar

လျှမ်းထက်

Leave a Reply