ထားဝယ်၊ ဇူလိုင် ၂၃

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံနေသော GGSကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့က အမှုတောအတွင်းအချုပ်လွှတ်ထုချေခွင့်ပြုရန် အာမခံလျောက်ထားမှုကို ဇူလိုင်လ၂၃ရက် နေ့ရုံးချိန်တွင်ပယ်ကြောင်း အမိန့်ချခဲ့သည်ဟု တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ထံမှ သိရသည်။

“ ရာဇဝတ်ကြီးအမှုအမှတ် (၃/၂၀၁၉)နဲ့(၄/၂၀၁၉)က တရားခံ ဦးအောင်မြတ်နဲ့ ရာဇဝတ်ကြီးအမှုအမှတ် (၄/၂၀၁၉)က တရားခံ ဦးသူရအုံတို့ရဲ့ အာမခံလျောက်ထားမှုကို ပယ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားရေးဦးစီးမှူးဒေါ်အေးအေးသန်းက ဆို သည်။

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊တရားသူကြီးကဦးအောင်မြတ်နှင့်ဦးသူရအောင်တို့အာမခံ လျောက်ထားမှုနှင့်ပတ်သက်၍ အချက် ၄ချက်ကို သုံးသပ်ပြီး အာမခံလျောက်ထားမှုကို ပယ်ခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

စွဲဆိုထားသည့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃အမှုသည် ရာဇဝတ်ကျင့်ထုံးဥပဒေအရ အာမခံပေးခွင့်မရှိသည့်အမှုဖြစ်ခြင်း၊ယင်းဥပဒေ၏ရည်ရွယ်ချက်အရလည်းအာမခံပေးရန်သင့်လျော်မှုမရှိခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းပြီးအစိုးရကမူဝါဒချမှတ်နေခြင်း၊စွဲဆိုထားသည့်အမှုနှင့်စပ်လျဉ်း ၍ အများပြည်သူစိတ်ဝင်စားခြင်းစသည်တို့ကို ဆင်ခြင်စဉ်းစားလျင် အာမခံလျောက်သူတွေကို အချုပ်လွှတ် ထုခြေခွင့်ပြုရန် သင့်လျော်မှုမရှိဟုသုံးသပ်ပြီး အာမခံလျောက်ထားမှုကို ပယ်ခဲ့ခြင်းဖြစ်သည်ဟု တရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။

ပြစ်မှုကျူးလွန်ကြောင်းမပေါ်ပေါက်သေးသည့်အချိန်မှာ အာမခံပေးလို့ရှိလျင်လည်းရပါသည်ဟု အကြောင်းပြ ချက်ဖြင့် ယင်းတို့ ၂ဦးက အာမခံလျောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဂတိလိုက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်တရားစွဲဆိုခြင်းခံထားရသည့် GGSကုမ္ပဏီ မှတာဝန်ရှိသူ ၃ဦးမှ ယင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဦးသိန်းထွေးက ဇွန်လ၂၅ရက်နေ့က အာမခံလျောက်ထားရာ ဇူလိုင် လ ၁၁ရက်နေ့ရုံးချိန်းတွင် ပယ်ကြောင်း အမိန့်ချခဲ့သည်ဟု သိရသည်။

ယင်းတို့၃ဦးနှင့်အတူအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၅ဖြင့်အမှု၄မှုတရားစွဲဆိုခံနေရသော ဒေါက်တာလဲ့လဲ့မော်ကလည်း ကျန်းမာရေးကိုအကြောင်းပြချက်ဖြင့် အာမခံ ၂ကြိမ်လျောက်ရာ ပယ်ချခံရသည်။

ဇူလိုင် ၂၃ရက်နေ့၊ ရုံးချိန်းတွင် တရာလိုပြသက်သေဖြင့် ထားဝယ်မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ် ဝင်းဝင်းခိုင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဦးဆောင်ညွန်ကြားရေးမှူး(ငြိမ်း) ဦးခင်မောင်ဝင်းနှင့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်နေ ဦးမောင်မောင်းအား စစ်ဆေးခဲ့သည်။

နောက်ရုံးချိန်းဖြင့် သြ ဂုတ်လ ၅ရက်နေ့ကိုချိန်းဆိုထားပြီး ယင်းရုံးချိန်းတွင် တရားလိုပြသက်သေဖြင့် စီမံ ကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဖြိူးဝင်ထွန်းနှင့် ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊အမှုဆောင် အရာရှိဦးအောင်ကျော်မျိုးအား စစ်ဆေးမည်ဟု သိရသည်။

၄/၂၀၁၉ အမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၂၃ရက်နေ့ရုံးချိန်းတွင် တရာလိုဖက်မှ သက်သေခံစာရွက်စာတမ်း ၅စောင်တင်သွင်းခဲ့သည်ဟု သိရသည်။

တင့်လွင်

Leave a Reply