ရန်ကုန်၊ သြဂုတ် ၁၀ ။ ။ မြန်မာနိုင်ငံအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် လွှတ်တော်မှ တစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းရုံဖြင့် မလုံလောက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောကြားသည်။

logo-copy

သြဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် နိုင်ငံအဝန်း အဂတိလိုက်စားမှု များ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက် ပေးရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို မဲခွဲ ဆုံးဖြတ်အပြီး ၎င်း ကယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

“အဂတိတိုက်ဖျက်မှုများအတွက် ပြည်ထောင်စု အစိုးရကို တိုက်တွန်းရုံနဲ့ မလုံလောက်နိုင်ပါဘူး။ အဂတိတရား ကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဖြစ်ဖို့အတွက် နိ်ုင်ငံတော်အစိုးရ၊ အဖွဲ့အစည်းအသီးသီး၊ မီဒီယာများ၊ ပြည်သူလူထု တစ်ရပ်လုံးက ခိုင်လုံတဲ့အထောက်အထားများနဲ့ တိကျမှန်ကန်စွာ ဖော်ထုတ်ပြီး တိုင်ကြားကြဖို့ ပန်ကြားအပ်ပါတယ်။” ဟု ဦးဝင်းမြင့်ကပြောကြားသည်။

ထို့အပြင် အဂတိလိုက်စားမှု ပြဿနာကို တင်းကျပ်စွာ ကိုင်တွယ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အဂတိုက်လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြန်လည် သုံးသပ်ပေးရန် ၎င်းက ထည့်သွင်း ပြောဆိုသည်။

အဆိုပါ နိုင်ငံအဝန်း အဂတိလိုက်စားမှု များ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက် ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို မြောက်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခြင်းဖြစ်ပြီး သြဂုတ်လ ၉ ရက် နှင့် ၁၀ ရက် နှစ်ရက်ကြာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မှတ်တမ်းတင်ရန်သာ ပြောဆိုခဲ့သော်လည်း မဲခွဲ ဆုံးဖြတ်ပြီးနောက် အတည်ပြုခဲ့ကြောင်း လွှတ်တော်ကိုယ်စာလှယ်များထံမှသိရသည်။

Leave a Reply