“အင်အားများပေးသော နှစ်သစ်ကူး”

မွန်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်ဆန်း

“အစ်ကိုတို့က အဖွဲ့အစည်းတစ်ခုအနေနဲ့ဆိုရင် စာပေနဲ့ယဉ်ကျေးမှုအဖွဲ့အောက်မှာ အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ဆယ်မြို့နယ်ပေါ့၊ အခုလက်ရှိ မွန်ပြည်နယ် ၁၀ မြို့နယ်လုံးရှိတဲ့ ကရင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေကို အရေးကြီးရင် အရေးကြီးသလို အကုန်လုံးခေါ်တယ်” ဟု ဦးအောင်ကျော်ဆန်းက ပြောသည်။

မွန်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့သည် အစည်းအဝေးပြုလုပ်ကျင်းပရာတွင် ကရင်တိုင်းရင်း သားများအတွက် နှစ်သစ်ကိစ္စ၊ ကရင်ရိုးရာဓလေ့များ၊ စသဖြင့် အဓိကထားပြီး ဆွေးနွေးကြောင်း ၎င်းက ပြောသည်။

“ဒီနှစ်ကတော့ ခါတိုင်းနှစ်နဲ့ မတူဘူး။ ဒီနှစ်မှာကျတော့ ထူးထူးခြားခြားတော့ အစိုးရက ကူညီမှုတွေ ရှိလာတယ်။ ကရင်နှစ်ကူးဆိုရင်လည်း ကရင်နှစ်သစ်ကူးအတွက် အစိုးရက ထောက်ပံ့လာတယ်။ အများကြီးမဟုတ်ပေမယ့် စာပေနဲ့ယဉ်ကျေးမှုအတွက် အားရှိတယ်”ဟု ၎င်းက ဆိုလေသည်။
ထို့ပြင် ယခင်နှစ်များတွင် အစိုးရ၏ ကူညီပံ့ပိုးမှုမရှိသည့်အတွက် မိမိတို့ ကရင်တိုင်းရင်းသားများသည် မော်လမြိုင်မြို့ပေါ်တွင် အနည်းစုသာရှိနေသည့်အတွက် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပသည့်အခါ ရန်ပုံငွေရရှိရန် တစ်အိမ်တက်တစ်အိမ်ဆင်းလုပ်ပြီး ရန်ပုံငွေစုခဲ့ရသည့်အပြင် ကရင်တိုင်းရင်းသားပွဲတော် အတွက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ရုန်းကန်ခဲ့ရကြောင်း ဦးအောင်ကျော်ဆန်းက ရှင်းပြသည်။

“အဓိက အခက်အခဲအားဖြင့် နေရာထိုင်ခင်းဆိုတာက ဘုန်းကြီးကျောင်းမှာ လုပ်ရတာရှိတယ်။ များသောအားဖြင့် ချပ်ကျောင်းတွေမှာ လုပ်ရတာ များတယ်”ဟု ၎င်းက ပြောသည်။
မွန်ပြည်နယ်ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့သည် ကရင်တိုင်းရင်းသားအတွက် ပွဲတစ်ခုပြုလုပ်ကျင်းပရာ၌ နေရာထိုင်ခင်းများကို အဓိကအခက်အခဲတစ်ခု ဖြစ်နေကြောင်း ဦးအောင်ကျော်ဆန်းက ဆိုသည်။

“အစိုးရသစ်လက်ထက်ရောက်လာတော့ အစိုးရရဲ့ ကူညီပံ့ပိုးမှုကြောင့် ကရင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ လည်း အသက်ရှူချောင်လာတယ်၊ ဒီလိုမျိုးနှစ်စဉ်နှစ်တိုင်း ပံ့ပိုးပေးနိုင်ရင် တိုင်းရင်းသားတွေအားလုံးအတွက် အဆင်ပြေမယ်”ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားများအားလုံးကို အစိုးရသစ်က ကူညီပံ့ပိုးမှုကြောင့် တိုင်းရင်းသားများအားလုံး သွေးစည်းညီ ညွတ်စေရေးလည်း ဖြစ်စေမည့်အပြင် အစိုးရ၏ ကူညီပံ့ပိုးပေးမည့်ကိစ္စရပ်များကိုလည်း တိုင်းရင်းသားများ အားလုံး လိုချင်သော အခွင့်အရေးတစ်ခုလည်း ဖြစ်ကြောင်း တိုင်းရင်းသားများအတွက် ထပ်မံကူညီပေးပါ ရန် တိုက်တွန်းတောင်းဆိုပါကြောင်း ၎င်းက ဆိုသည်။
“တိုင်းရင်းသားများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့အတွက်လည်း အားလုံးတက်ညီလက်ညီ ကြိုးပမ်းကြဖို့ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။

Written by – ရွှေရိုး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.