အင်းစိန်ရောက် ဒေါက်တာအေးမောင်၊ ဝေဟင်အောင်တို့ မိသားစုနှင့်တွေ့

၂၀၁၅ ခုနှစ် ရခိုင်အမျိုးသားပါတီ စည်းရုံးရေးခရီးစဉ်တစ်ခုအတွင်း ဒေါက်တာအေးမောင် ဟောပြောနေစဉ် (ဓာတ်ပုံ - ရခိုင်အမျိုးသားပါတီ)

ရခိုင်ပြည်နယ် စစ်တွေထောင်မှ ရန်ကုန်အင်းစိန်ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ခံနေရသည့် ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်တို့သည် မိသားစုဝင်များနှင့် နေရာသစ်တွင် တွေ့ဆုံခွင့်ရခဲ့သည်။

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မများဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသည့် ၎င်းတို့နှစ်ဦး စစ်တွေထောင်မှ မိုင်၆၀၀ ကျော်ဝေးသည့် အင်းစိန်ထောင်သို့ ဧပြီ ၆ ရက်နေ့က  ရွှေ့လိုက်စဉ် မိသားစုက ချက်ချင်း မသိခဲ့ပေ။

“(ထောင်ပြောင်းတယ်ဆိုတာကို) အပြင်က သတင်းကြားလို့ သံသယဖြစ်ပြီး လိုက်ပြီး စုံစမ်းခါမှ သိတာပါ။ ဘယ်ကို(ခေါ်) ယူသွားမှန်းတော့ မသိပါဘူး။ ကျွန်တော်တို့ စုံစမ်းပြီး သိရသလောက်ကတော့ သူတို့က ခေါ်သွားပြီး မိသားစုက ကြုံသလို လိုက်လာကြတယ်” ဟု စာရေးဆရာ ဝေဟင်အောင်၏အစ်ကို ဦးသိန်းဝင်းက ပြောသည်။

အင်းစိန်ထောင် တိုက် အမှတ် ၁ တွင် ဒေါက်တာအေးမောင်က အခန်း ၁၊ စာရေးဆရာ ဝေဟင်အောင်က  အခန်း ၇ တွင် ရှိနေကြောင်း၊  စိတ်ပိုင်းနှင့်ရုပ်ပိုင်း ဆိုင်ရာ အခြေအနေ ကောင်းမွန်ကြကြောင်း ၎င်းက ဆိုသည်။

မည်သည့် အကြောင်းပြချက်မှ မပေးဘဲ စစ်တွေမှ ရန်ကုန်သို့ ရွှေ့ပြောင်းခဲ့ပြီးနောက် မိသားစုနှင့် ပိုမို ဝေးလံသည့် အကျဉ်းထောင်များဆီသို့ ရွှေ့ပြောင်းမည်ကိုလည်း စိုးရိမ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ပြစ်ဒဏ်ချမှတ်လိုက်တာကိုတော့ မပြောလိုဘူး။ ပြောလို့လည်း ထူးမှာ မဟုတ်ဘူး။ ဒါပေမယ့် ထောင်ကျနေတဲ့သူတစ်ယောက်ကို မိသားစုနဲ့ဝေးတဲ့နေရာကို ပို့လိုက်တယ် ဆိုတာကတော့ သဘာဝကျတဲ့ ကိစ္စ မဟုတ်ဘူး” ဟု  ဦးသိန်းဝင်းက ဆိုသည်။

ဒေသခံ ပြည်သူ အများအပြား ထောက်ခံကြသည့် နိုင်ငံရေးသမားဖြစ်သူ ဒေါက်တာအေးမောင်ကို ပြည်နယ်မြို့တော်ရှိ စစ်တွေထောင်တွင် ဆက်မထားဘဲ ရန်ကုန်သို့ ပို့လိုက်ခြင်းမှာ မျှော်လင့်မထားသော ဖြစ်ရပ်ဟု ဆိုနိုင်သော်လည်း များစွာ အံ့အားသင့်ဖွယ်မရှိဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှ အတွင်းရေးမှူး ဦးတိတ်နိုင်က ယူဆသည်။

“သူ့လူထုနဲ့ မနီးစပ်စေချင်တာ အဓိကဖြစ်မယ်။ စစ်အစိုးရ ခေတ်အဆက်ဆက်မှာ ဒီအတိုင်းပဲ ကျင့်သုံးခဲ့တယ်” ဟု ဦးတိတ်နိုင်က မှတ်ချက်ပြုသည်။

အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူ ဒေါက်တာအေးမောင်သည် ရခိုင်တိုင်းရင်းသားများ  အထူး ထောက်ခံအားပေးသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး စာရေးဆရာ ဝေဟင်အောင်သည်လည်း ဒေသတွင်း ထင်ရှားသူတစ်ဦးဖြစ်သည်။

၂၀၁၈ ဇန်နဝါရီလလယ်ပိုင်း  ရသေ့တောင်မြို့တွင် ပြုလုပ်သော ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် အထိမ်းအမှတ် အစီအစဉ်တွင် ၎င်းတို့နှစ်ဦး၏ ဟောပြောချက်သည် ဥပဒေနှင့် ငြိစွန်းသည်ဟု ဆိုကာ ထိန်းသိမ်းခံခဲ့ရသည်။

ရုံးချိန်းပေါင်း ၄၁ ကြိမ် ကြားနားပြီး မတ်၁၉ တွင် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅၀၅(ခ) တို့ဖြင့် စစ်တွေခရိုင် တရားရုံးက မတ်လအတွင်း ထောင်ဒဏ် နှစ်၂၀ ချမှတ်လိုက်သည်။

၎င်းတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ် အာဏာရ NLD ပါတီက မသတ်မှတ်နိုင်ဟု ထုတ်ဖော် ပြောဆိုထားသော်လည်း နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူများကမူ သူတို့နှစ်ဦးကို နိုင်ငံရေးအကျဉ်းသားများဟု သတ်မှတ်သည်။

Written By ကျော်လင်း (Myanmar Now)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.