(ဓါတ်ပုံ အညွှန်း – ဝါးဒက်ကွင်းမြေအငြင်းပွားမှုအတွက် ပြည်နယ်အစိုးရကိုယ်စား စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ရှင်းပြသည်။)

မော်လမြိုင်၊ ဇန်နဝါရီ ၈

ကျိုက်ထိုမြို့နယ်၊ ဝါးဒက်ကွင်းကျေးရွာတွင် မြေမဲ့၊ ယာမဲ့ပြည်သူများအတွက် ပြည်နယ်အစိုးရက မြေကွက်ချထားပေးသည်ဟု ဆိုသော အငြင်းပွားနေသည့် မြေကွက်များသည် စက်မှုဝန်ကြီးှဌာန၏ မြေများဖြစ်ခဲ့ပြီး ပြည်နယ်အစိုးရမှ တရားဝင်စီမံခန့်ခွဲပိုင်ခွင့် မရှိသေးကြောင်း မွန်ပြည်နယ်အစိုးရကိုယ်စား စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ပြောသည်။

(ဓါတ်ပုံ အညွှန်း – ဝါးဒက်ကွင်းမြေအငြင်းပွားမှုအတွက် ပြည်နယ်အစိုးရကိုယ်စား စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ရှင်းပြသည်။)
(ဓါတ်ပုံ အညွှန်း – ဝါးဒက်ကွင်းမြေအငြင်းပွားမှုအတွက် ပြည်နယ်အစိုးရကိုယ်စား စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ရှင်းပြသည်။)

“ဒါတွေက ဟိုးအရင် စစ်တောင်းစက္ကူစက်ရုံ မြေဖြစ်တဲ့အတွက် စက်မှုဌာနပိုင်တဲ့ မြေတွေ၊ သူက နိုင်ငံတော်ကိုပြန်အပ်၊ ဒါတွေကို ပြည်နယ်အစိုးရက တစ်ဆင့်ပြန်တောင်းပြီးမှ တရားဝင်လုပ်ပေးလို့ရတာ”ဟု ဦးမျိုးညွန့်က ဆိုသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် မြေမဲ့၊ ယာမဲ့များအတွက် မြေ ၉၂ ဧက ချပေးခြင်းမရှိသည့်အပြင် ပြည်နယ်အစိုးရက စီမံပိုင်ခွင့် မရှိသေးသဖြင့် ပြည်ဝန်ကြီးချုပ်အနေဖြင့်လည်း ထိုမြေကို ရွာသားများအား မြေနေရာချပေးပိုင်ခွင့် မရှိသေးကြောင်းနှင့် လက်ရှိအနေအထားအရ ပြည်နယ်အစိုးရအနေဖြင့် မြေဧက ၂ဝ ကိုသာ အိုးမဲ့၊ အိမ်မဲ့များအတွက် ယာယီအဖြစ်သာ ချထားပေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဇန်နဝါရီ ၆ ရက်နေ့က မော်လမြိုင်ရှိ မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက် (SMJN) တွင် ဝါးဒဏ်ကွင်း ရွာသားများသည် ၎င်းတို့ မြေကွက်များကို ဒေသအာဏာပိုင်အချို့က ရောင်းစားထားသည်ဟုဆိုကာ မြေကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး၊ ယင်းရွာသားများ မြေကွက်ရရှိရေးအတွက် လိုက်ပါဆောင်ရွက်နေသူ ဦးမောင်ရွှေ၊ ဦးစိုးဦး၊ ဦးမောင်မောင်နှင့် ဦးမျိုး၊ လေးဦးကို ကျိုက်ထိုမြို့နယ်တရားရုံးမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅ဝ၅ (ခ) ဖြင့် ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်က ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။

ယင်းရွာသားများကို မွန်ပြည်နယ် အစိုးရအနေဖြင့် အကွက်ရိုက်နေရာချပေးခြင်းမရှိဘဲ၊ ပြင်ပသမဂ္ဂအဖွဲ့များက အကွက်ရိုက်၍ နေရာချပေးနေခြင်းလည်းဖြစ်ကြောင်း ဦးမျိုးညွှန့်က ဆိုသည်။

“ယခုလက်ရှိမှာတော့ ကိုမောင်ရွှေနဲ့ ဦးစိုးဦးကို ဖမ်းထားပါတယ်၊ နှစ်ယောက်ကတော့ လွတ်နေဆဲဖြစ်တဲ့အတွက် တရားရုံးက အမှုကို လတ်တလောတော့ စစ်ဆေးနိုင်မှာ မဟုတ်သေးပါဘူး”ဟု ကျိုက်ထိုမြို့နယ်ရဲမှူး ဦးဝင်းမြင့်က ဆိုသည်။

“အခုဟာက ကိုယ့်ဟာကိုယ်ပဲ အကွက်ရိုက်လိုက်တယ်၊ ဒါကစနစ်မကျဘူး၊ တရားဝင်လည်း မဟုတ်ဘူး၊ အဲ့အတွက် အောက်ခြေမှာ ကော်မတီသုံးရပ် ဖွဲ့ထားတာရှိတယ်၊ ဒါပေမယ့် တရားဝင်တော့မဟုတ်ဘူး၊ ဒါကို သမဂ္ဂတွေဖွဲ့ပြီး ဆောင်ရွက်ပိုင်ခွင့် မရှိဘူး” ဟု လက်ရှိဒေသခံများနေထိုင်မှု ပုံစံအနေအထားကို ၀န်ကြီးက သုံးသပ်ပြောဆိုသည်။

ဝါးဒက်ကွင်းကျေးရွာမှ မြေမဲ့၊ ယာမဲ့အတွက် မြေဧက ၂ဝ ကို တရားဝင်စီမံပိုင်ခွင့်ရရှိရန် မွန်ပြည်နယ်အစိုးရက လျောက်ထား ဆဲသာဖြစ်ပြီး၊ ထိုဒေသမှ ကျေးရွာအာဏာပိုင်များက အစိုးရပိုင်မြေအဖြစ် မြေကွက်များရိုက်ကာ ပြန်လည်ရောင်းချမှု ရှိမရှိကို တိတိကျကျ မသိရသေးသည့်အတွက် စိစစ်နေဆဲဖြစ်ကြောင်း ဦးမျိူးညွန့်က ပြောခဲ့သည်။

Leave a Reply