အစရိုးသော ရွာသားများ

လွန်ခဲ့သော နှစ်တစ်ရာခန့်က ကြက်တောရွာသားများ ရိုးသားခဲ့ကြသည်။ ထိုအချိန်က ရွှေမှန်ကင်း အစစ် ထင်းဖြစ်ခဲ့ရလေသောကြောင့် တခြားရွာသားများ လာရောက်ဗိုလ်ကျစိုးမိုးမှုကို စည်းလုံးခြင်းသည် အင်အားဆိုသောစကားနှင့်အညီ စုပေါင်းတွန်းလှန် ရွာကိုပြန်ယူရင်း ပြောင်းလဲနေသော ခေတ်စနစ်နှင့်အညီ ရွာအကျိုးအတွက် အားကျိုးမာန်တက် ဆောင်ရွက်ခဲ့ကြပေသည်။ ရွာတစ်ရွာတည်လျှင် ကောင်းသူများချည်း ဖွဲ့စည်းထားသည်မဟုတ်။ ဆိုးသွမ်းသူ ကိုယ်ကျိုးရှာသူများရှိတတ်သကဲ့သို့ အလွန်သနားစရာကောင်း လောက်အောင် လေးစားအတုယူဖွယ် ကောင်းလောက်အောင်စံနမူနာယူထိုက်သည့်ပုဂ္ဂိုလ်များပါဝင်သကဲ့ သို့ “ကျွန်တော်သူကြီးရာထူးကဆင်းရင် ရွာသားပိုက်ဆံ အပိုတစ်ကျပ်ပါသွားရင်တောင်ကျွန်တော့်ကို သူ ခိုးဆိုတဲ့ အမည်ဆိုးတတ်နိုင်တယ်” ဟုကိုယ်ကျင့်တရားနှင့် ပတ်သက်၍ ရဲရဲရင့်ရင့် အာမခံရဲသော ရွာ့ခေါင်းဆောင်များလည်း ပေါ်ထွက်ခဲ့ဖူးပေသည်။ တနည်းဆိုရလျှင် ရပ်ရွာနှင့်ရွာသူရွာသားများအကျိုးကို ရှေးရှုခဲ့သော ပုဂ္ဂိုလ်များဖြစ်ခဲ့ကြပေသည်။

သို့သော် နောက်ပိုင်းတွင် ကြောင်သူခိုးအား အားကိုးမိလေသောကြောင့်အိမ်သာယာအောင် ဝိုင်း ဝန်းထိန်းသိမ်းရမည့်အစား ပုစွန်ခြောက်လည်းခိုးစား၊ ငါးခြောက်လည်းလက်မရှောင်၊ ငါးဟင်းဘုဉ်းပေး၊ အ သားဟင်းများတော့မမြင်ဘူးလိုက်ရလေအောင်ဖျောင်တတ်သော သူတော်ယောင်ကြောင်သူခိုးများကြောင့် ကြက်ဆူတောတစ်ရွာလုံးပျာယာခတ်ခဲ့လေသည်။

ထို့ကြောင့် အတိတ်ကရွှေရောင်ကာလများပျက်စီးခဲ့ရသည်။ ငွေရောင်ပစ္စုပ္ပန်များ ပျက်စီးခဲ့ရသည်။ အနာဂတ်သည် အညှိတက်ကြေးထည်များလိုညစ်နွမ်းခဲ့ရလေတော့သည်။ ထို့ကြောင့် ဒို့အရေးကြွေးကြော် သံများဖြင့်အသက်သွေး ချွေးမြောက်မြားစွာ အရင်းတည်၍အပြောင်းအလဲအတွက်ပေးဆပ်ခဲ့ရသော်ငြားလည်း ဉာဏ်နီ၊ ဉာဏ်ပြာ၊ ဉာဏ်တက်ကနက်ကာလာသုံးသော ကယ်တင်ရှင်များကြောင့် ရွာသည်လည်း ချောက်ထဲကျရန် လက်တစ်လုံးအလိုတွင် ကယ်တင်ခြင်းခံခဲ့ရလေတော့သည်။

သမာသမတ်ကျသော ပုဂ္ဂိုလ်များကိုမူကား သူပေးသောကတိတည်သွားမည်ကို စိုးရိမ်မိလေသောကြောင့် သူငယ်ပဲပြန်နေသလိုလို လေပဲဖျန်းနေသလိုလို သတင်းလွှင့်ပြီး အနားပေးစေကာ ခိုင်းတာလုပ်မည့် ဇာတ်ကောင်တစ်ကောင်ကို သူကြီးတင်မြှောက်ခဲ့လေတော့၏။ သို့သော် နောင်လာသည့် ကျောင်းထိုင် တစ်ချက်ပိုခေါက်ဆိုသည့် ဆိုးရိုးစကားလို နောက်လာသည့်သူကြီးကလည်း လက်သံပြောင်စွာ ရွာသားများကိုလည်းကောင်း ရွာကိုလည်းကောင်း ကောင်းကောင်းကြီးပညာပေးနေချေခဲ့ပေသည်။

တောများကို အပြောင်ရှင်းအစီစဉ်အရ ရုက္ခစိုးနတ်များပင် တူတူပုန်းတမ်းကစားစရာမရှိအောင်အပင်တွေကို အပြောင်ရှင်းခဲ့ပေသည်။
တောင်စောင့်နတ်များနေစရာပျောက်အောင် တောင်တွေကို တူးဖော် ပစ်ခဲ့ပေသည်။ ထိုကြောင့် မိုးနတ်မင်းအဖို့ နှစ်စဉ်သိက္ခာကျစရာဖြစ်ခဲ့ချေတော့သည်။ သူ့ခမျာ မိုးတွင်းကာ လ တာဝန်အရမိုးရွာပေးခဲ့သော်လည်း အထက်ပိုင်းဒေသရေရှားပါးရပ်ဝန်းများ ရေလွှမ်းမိုးခြင်းခံရခြင်း၊ အအေးပိုသည့်ဒေသများ၊ အနွေးထည်မရောင်းလိုက်ရအောင် ပူပြင်းလာခြင်း၊ သမမျှတသည့်ဒေသ ရာသီ ကမောက်ကမဖြစ်ခြင်းစသည်တို့ကိုခံစားရလေသောကြောင့်ရွာသားများလည်း နဝေတိမ်တောင်ဖြစ်ကုန်ကြ သည်။

သို့သော် သူကြီးကားလူလည်တကာ့ထိပ်ခေါင်ဖြစ်လေသည်။ သူမဆင်းခင် သူ့ဆီဓားဦးမလှည့်လာ စေရန်နည်းမျိုးစုံဖြင့် ကြံဖန်ခဲ့သည်။ဂန္တဝင်တွင်မည့်စာအုပ်ကြီးကို ရေးသားပြဋ္ဌာန်းခဲ့သည်။ ရသမျှသယံဇာတ ဖိုး ကိုယ်ကျိုးချည်း ကြည့်ခဲ့သည်။ နောက်ဆုံးနှုတ်ဆက်ခါနီးတွင် ဆွေခုနစ်ဆက် ကောင်းစားအောင် မတန် မရာအကျိုးခံစားခွင့်များကို စီစဉ်သတ်မှတ် အမြတ်ထုတ်သွားခဲ့ချေသေးသည်။

သူ့အဆက်အနွှယ်များကို နှစ်သီးစားများဖြစ်အောင် ဖန်တီး၍ တစ်သက်တာထောက်ခံချက်ရရှိအောင် စီမံသွားနိုင်ခဲ့ပေသည်။ ထိုသို့သောအခြေအနေများကြောင့် ရွာသားများမှာ မနိုင်၍သည်းခံခြင်းများဖြင့် နေသေးသပ ခြုံထဲက ချိုသွေးသပတစ်မြမြအခြေအနေများအတိုင်း၊ နောက်ကွယ်တွင် ကျားဖမ်း ဆင်ဖမ်းနဂါးဖမ်းတန်းကစား ရင်း ရှေ့တွင်မှာကား သွားကလေးအဖြီးသားဖြင့် ပက်ကျိခါးတောင်းကျိုက်ဖမ်းနေကြလေတော့သည်။

သို့သော်လည်း လောကသဘာဝအရ ဘယ်အရာမှမတည်မြဲတတ်သော သဘောအတိုင်း ထပ်မံ၍ရွာသားများဆန္ဒနှင့်အညီ သူကြီးသစ်ထပ်မံရွေးချယ်စေသည့်အခါ သူကြီးအဖွဲ့ဟောင်းခွက်ခွက်လန်အောင် ရှုံး၍ သူကြီးသစ်အဖွဲ့တက်လာခဲ့ပေတော့သည်။

ကနေ့ ကြက်ဆူတောရွာအနောက်ပိုင်းရှိ ကျောင်းဆရာ၏မန်ကျီးပင်လက်ဖက်ရည်ဆိုင်တွင် ကြက် ဆူတော အာဝါဒါးပညာရှင်များလူစုံတက်စုံရှိကြသခိုက် ကြက်ဆူတောရွာသားများ ကြက်ဆူတော၏ ခေတ် အဆက်ဆက်အဓိပတိများအကြောင်းကို ရေနွေးကြမ်းတစ်အိုး၊ လက်ဖက်ရည်တစ်ခွက်၊ ဖက်ကြမ်းလိပ်၊ Ruby တစ်လိပ် သန်ရာခဲကြရင်း စကားဝိုင်းဖွဲ့ နေကြလေ၏။

ကြက်ဆူတောရွာ၏ အငယ်ဆုံးပဏ္ဍိတလေး သစ္စာလေးပါး မောင်လွမ်းမိုးလေးက စကားဝိုင်းကို ဤ သို့စတင်လိုက်ချေတော့သည်။ ” တို့ရွာရဲ့ ခုတက်တဲ့သူကြီးတို့အဖွဲ့က အားရစရာကြီးပါ၊ အနေထိုင်လည်းရိုး၊ အစားသောက်လည်း ရိုး၊ အခွင့်အရေးဆိုလည်း ဘာမှမယူကြဘူး၊ သွားတာလာတာကအစ စက်ဘီးကလေးစီးသွားကြ၊ အပိုဆာဒါ သက်တော်စောင့်ခေါ်ပြီး သွားနေလာနေတဲ့ ကိန်းခန်းကြီးလွန်းတဲ့ အရင်သူကြီးတွေနဲ့တောကွာသဗျား၊ အားရလိုက်ပါဘိ ရိုးသားလွန်းတဲ့ သူကြီးအဖွဲ့ ကျန်းကျန်းမာမာနဲ့ တို့ကြက်ဆူတောရွာကြီးကို အရှည်ဦးဆောင်နိုင် ပါစေလို့ ငါဖြင့် အမြဲဆုတောင်းမိပါသကွား” သစ္စာလေးပါးကလေး၏ စကားကို ဗညားကွမ်းစားညီညီလွင်က ဤသို့ထပ်မံဖြည့်စွက်လိုက်လေ၏။

” အဘကတော့ လေးစားနေ၊ သူကြီးတို့အဖွဲ့က ရပ်ရွာအုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးတွေမှာ၊ ဘာမှမ တတ်တဲ့မူကြိုအဆင့်ပဲ နို့သက်ခံစို့နေကြတဲ့သူတွေဟာ ရပ်ရွာကောင်းကျိုးကို ဘယ်လိုတိုးတက်အောင် ဆောင်ရွက်နိုင်မှာမို့လဲ” ဗညားညီညီလွင်၏စကားကို ဆလိုင်းဂျစ်သိုးကထပ်မံဖြည့်စွက်လိုက်ပြန်လေသည်။

” မောင်ဗညား မောင်ရင်က ခုပဲရေတွင်းတူးပြီး ခုပဲရေကြည်ရေသန့်ကို သောက်သုံးချင်လို့ ဘယ်ရမလဲလေ၊ ငါ့လူရယ် ဘာမှမတတ်သေးတဲ့သူကို တို့သူကြီးရွေးချယ်ထားလေတော့ သူ့ကို သင်ယူလေ့လာခွင့် တော့ ပေးရတော့မှာလေ၊ အုပ်ချုပ်စီမံခန့်ခွဲမှုဆိုတာ ဆရာနဲ့လက်ပွန်းတတီးသင်ယူမယ်ဆိုရင်တောင်၊ သုံး လေးငါးနှစ်လောက်သင်ယူလေ့လာရမှာလေ၊ ကာလတိုကတော့ မဖြစ်နိူင်ဘူးလေမောင်ရင်ရယ်၊ ခုလိုလုပ် ကိုင်ရင်းသင်ယူရင်၊ မောင်ရင်ဒီထက်ပိုပြီးအချိန်ပိုပေးသင့်တာပေါ့ မဟုတ်လား၊ တစ်လောကလုံးဖျောက်ဆိပ် ချည်းပဲ မြင်ချင်တာတော့ မောင်ရင်လွန်နေပြီ၊” ဆလိုင်းဂျစ်သိုး၏စကားကို တေးသော်ရီကထပ်မံဖြည့်စွက်ဆွေးနွေးပြန်လေ၏။

” မဟုတ်သေးဘူးမောင်ဂျစ်၊ မောင်ရင်မှားနေပြီ၊ ပြဿနာတစ်ခုရဲ့ဖြစ်တည်မှုကိုမောင်ရင်လေ့လာ ပြီး နိဒါန်းတည်ဆောက်ကြည့်၊ ပြီးရင်အဆိုပြုချက်ထည့်ကြည့်လိုက်၊ နောက်တော့ကောက်ချက်ဆွဲကြည့် လိုက်၊ ဆီလျော်ပြေပြစ်မှုရှိသလား၊ရှိရင်မှန်တယ်၊ မရှိရင်မှားပြီပဲ၊ ခုကြည့်လိုက်၊ သူကြီးသစ်တို့အဖွဲ့တက်လာ တယ် ပထမနှစ်၊ လေ့လာသင်ယူနေတုန်းမို့ ဘာမှပီပီပြင်ပြင်ရွာအတွက်မလုပ်ပေးနိုင်ခဲ့ဘူး၊ ပထမနှစ်မဖြစ် လို့ ဒုတိယနှစ်ကိုဆက်မျှော်မိပါတယ်၊ လူစားလဲနေလို့ ဘာမှမဖြစ်ပြန်ဘူး၊ တတိယနှစ်ဆက်မျှော်ဦးမလား ထိုင်ခုံနေရာကို အသုံးချဖျက်ဆီးမယ့်လူတွေကို လက်ခံတတ်လာလို့ အဂတိကိစ္စ ကျယ်လောင်လာတတ်တာက လွဲပြီး ဘာမှဖြစ်လာဖို့မရှိဘူး မမျှော်လေနဲ့တော့မောင်ရင် ငါးနှစ်လုံးလုံးဒီအတိုင်းပဲသွားမှာပဲ” တေးသော်ရီ၏စကားအဆုံးတွင် ကဖေးဆိုင်ပိုင်ရှင် လက်ဖက်ရည်ကြိုက်တတ်သူ ကဖေးဂျင်မီက ဝင်ရောက်၍ ဆွေးနွေးပြန်လေတော့၏။

” ဒီနေရာမှာ ဒီလိုရှိတယ်ကိုသော်ရဲ့ အစောနကတင် ဆလိုင်းဂျစ်သိုးပြောသွားတယ်လေ၊ ရပ်ရွာစီမံ အုပ်ချုပ်မှုအတတ်ပညာကို စာတွေ့နဲ့လုပ်ကိုင်ရင်း သင်ယူသွားရင် အချိန်အများကြီးပေးရမယ်လို့ ပြောထားတာပဲ မဟုတ်လား၊ ဆရာရဲ့ ဆန္ဒမစောစမ်းပါနဲ့” ထိုအခိုက်စကားဝိုင်းသို့ဒေါသတကြီး ဒုန်းစိုင်းဝင်ရောက်လာသူကား မီဒီယာဘိုးအေ လိုင်းပေါ်ပျော် မင်းဗညားထွေးဖြစ်သတည်း၊၊

“ကိုရင်တို့က ရွာသူကြီးအဖွဲ့ရဲ့ ရိုးသားတဲ့အကြောင်းကို ပြောနေကြမင့်ဟာ၊ ခုဖြစ်နေပုံကိုကြည့်ပါဦး၊ ကိုယ်ရင်တို့သူကြီးအဖွဲ့ထဲက တချို့ကအလုပ်သာ ဟုတ်ဟုတ်ငြားငြားလုပ်မပြနိုင်တာ၊ အကောင်းစားကား စီးချင်နေလို့ ရွာရဲ့ပုံမှန်အစည်းအဝေးမှာ တင်ပြနေကြပြီ၊ ဒါ နည်းလမ်းကျသလား တဆိတ်လောက် စဉ်းစားကြည့် ရွာသားတွေကတော့ အားလုံးထမင်းနပ်မမှန်ချင်ကြဘူး၊ သူတို့က ကားကောင်းတောင်းစီးနေကြတယ်၊ ဒီကိစ္စသဘာဝကျ မကျစဉ်းစားကြပေတော့၊ အလကားသူကြီးတွေ အရင်လူတွေလိုပါပဲ အစပိုင်းရိုးသယောင်ယောင်နဲ့ နောက်ပိုင်းကျတော့ဒုံဟောင်းအတိုင်းပဲ” ထိုအခိုက်တွင် တစ်ချိန်လုံးစကားဝိုင်းကို ငြိမ်သက်စွာ နားထောင်နေသော ဆရာချွန်တစ်ယောက် စကားဝိုင်းအတွင်းသို့ဝင်ရောက်လာလေတော့သည်။

” ဒီလိုရှိတယ်မောင်ရင်တို့ ခုသူကြီးအဖွဲ့ဟာ ရွာရဲ့စီမံအုပ်ချုပ်မှုအတွက် အတွေ့အကြုံနဲ့နည်းပညာ မတတ်တာ၊  အုပ်ချုပ်မှုပရိယာယ်မကြွယ်ဝတာတော့ မငြင်းလိုပါဘူး သူတို့တွေမှာ ရိုးသားစိတ်တွေ  ရှိကြပါတယ်၊ အရင်သူကြီးမင်းများလို အမြီးရော ခေါင်းရောဝမ်းပျဉ်းသားပါမကျန် စားသောက်ဝါးမြိုတဲ့ထဲတော့ သူတို့မပါကြရှာပေဘူး၊ မှားနေရင်လဲ စေတနာအမှားမျိုးကိုပဲ သူတို့ကျုးလွန်မိကြမှာပါ၊ သူတို့ဆွေစဉ်မျိုးဆက် ချမ်းသာချင်စိတ်နဲ့ ရွာနဲ့ကိုခုတုံးလုပ်ကြတာမရှိပါဘူး၊ ကြက်ဆူတောရွာကျယ်ကြီးကို နိုင်နိုင်နင်းနင်း စီမံအုပ် ချုပ်ဖို့ ဒေသအနှံ့ အမြဲသွားနေလာနေရတဲ့သူတို့အဖို့ သွားလာရေးအဆင်ပြေစေဖို့ စီးစရာကားကောင်းကောင်းကလေးမှ မရှိရင် အဆင်ပြေမလား၊ စက်ဘီးနဲ့ခရီးသွားရင်တော့မရလားဆိုရင်ရတာပေါ့ ဒါပေမယ့်ခရီး တွင်ပါ့မလား၊ နောက်ပြီး သူတို့အကျိုးအတွက် ရွာထွက်သယံဇာတတွေ၊ မြေယာတွေကို ခွဲဝေမယူထားခိုး ဝှက်မယူထားတဲ့သူတွေမို့ သဘောရိုးနဲ့ အစည်းဝေးမှာတင်ပြတာပေါ့ လစ်ထားဝှက်ထားသူတွေကြတော့ သူတို့မှာ အိတ်ဖောင်းနေတာမို့ ဘယ်သူ့ခွင့်ပြုချက်မှ တောင်းစရာမလိုဘဲ သူတို့ပိုက်ဆံနဲ့ သူတို့ဝယ်နိုင်ကြတယ်လေ၊ ဒါကြောင့်မို့ မောင်ရင်တို့ရဲ့အယူအဆဖြစ်တဲ့ အစရိုးပြီး အဆုံးဆန်းတယ်တယ်လို့ ကောက်ချက် ဆွဲတာတွေကို ပြုပြင်လိုက်ပါမောင်ရင်တို့” ပြောချင်ရာပြောဆိုပြီးသော ဆရာချွန်တစ်ယောက်ကား သူ့ကိုယ်ပိုင်ဟန်အတိုင်း စောင်းငန်းစောင်းငန်းဖြင့် လက်ဖက်ရည်ဆိုင်ထဲမှ ထွက်ခွာသွားလေသကဲ့သို့ ကျန်သူများမှာကား ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်နေပေတော့သည်။

Written by ဆရာချွန်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.