အစာလည်းဆေး၊ ဆေးလည်းအစာ – (သခွားသီး)

ဒီတစ်ပတ်မှာတော့ ဆေးဘက်ဝင်အသီးတစ်မျိုးလည်းဖြစ်၊အလွယ်တကူ ဈေးပေါပေါနဲ့ဝယ်ယူလို့ရတဲ့ သခွားသီး(Cucumber)အကြောင်းလေး ပြောပြချင်ပါတယ်။

သခွားသီးဟာ မြန်မာလူမျိုးတို့ ရဲ့နေ့စဉ်ထမင်းစားဝိုင်းမှာ တို့စရာတစ်ခုအဖြစ်အမြဲတမ်းနေရာယူလျက်ရှိပြီး၊ကလေးရောလူကြီးပါ ကြိုက်နှစ်သက်တဲ့အသီးဖြစ်ပါတယ်၊

သူ့ရဲ့အနံ့နဲ့အရသာဟာ စိတ်ကြည်လင်စေပြီး၊အေးမြမြနဲ့ စားကောင်းတဲ့အပြင် များပြားလှစွာအသုံးဝင်အကျိုးပြုတဲ့ အသီးလည်းဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ခန္ဓာကိုယ် ကျန်းမာဖို့ဆိုရင် ရေဓာတ်ကအရေးကြီးပါတယ်။ ရေများများသောက်ဖို့အပျင်းကြီးတဲ့သူတွေ၊ဝန်လေးတဲ့သူတွေအတွက် ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်တဲ့ သခွားသီးကိုစားလိုက်ရုံနဲ့ ပြည့်စုံသွားပါပြီး။

သခွားသီးမှာ Silica ဓာတ်နဲ့ ဆာလဖာ ပါဝင်မှုများတဲ့အတွက် အသားအရေကို ကြည်လင်ဝင်းပစေပါတယ်၊ ဆံပင်အရှည်မြန်စေပြီး၊ခြေသည်းလက်သည်း ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

ဒါ့အပြင် ဗီတာမင် B ဓာတ် လည်း ပါဝင်မှုများတာကြောင့် ခေါင်းကိုက်တာနဲ့အရက်နာကျတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ ဒါ့ကြောင့် အရက်နာကျတဲ့သူတွေအနေနဲ့ မနက်အိပ်ရာနိုးတဲ့အချိန်မှာ သခွားသီး စားပေးသင့်ပါတယ်။

သခွားသီးဟာ အပြင်ခွံမာပြီး စားရခက်တာကြောင့် လူတွေက အခွံနွာပြီးမှ စားသုံးလေ့ရှိကြပါတယ်။

တကယ်တော့ သခွားသီးအခွံမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။ အဲအတွက်ကြောင့် အူလှုပ်ရှားမှုတွေကို ကောင်းမွန်စေပြီး၊ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ အမျှင်ဓာတ်ကြောင့် အစာခြေစနစ်အတွက်လည်း ကောင်းမွန်ပါတယ်။

သခွားသီးအခွံမှာအမျှင်ဓာတ်အပြင် ဗီတာမင် ကေ ပါ ပါဝင်တဲ့အတွက် ကိုယ်ခန္ဓာရဲ့ အရိုးတွေကို ကျန်းမာစေခြင်း၊ ဆဲလ်တွေကို ကြီးထွားစေပြီး သွေးခဲဖြစ်စေခြင်း စတဲ့ အစွမ်းတွေ ပိုင်ဆိုင်ပါတယ်။

အခွံမခွာထားတဲ့ သခွားသီးမှာ ဗီတာမင်ကေ ၄၉ micrograms ပါဝင်ပေမယ့် အခွံခွာထားတဲ့ သခွားသီးမှာတော့ ၉ micrograms သာ ပါဝင်တော့တဲ့အတွက် အများကြီးကွာခြားသွားပါတယ်။

သခွားသီးအခွံဟာ အရိုးကြွက်သားစနစ်တွေကို ထိန်းသိမ်းပေးတဲ့ magnesium များစွာ ပါဝင်တဲ့အတွက်လည်း စွမ်းအင်ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။

အခွံမခွာတဲ့ သခွားသီးက သင့်တစ်နေ့တာကို ဘယ်လိုကူညီပေးလဲဆိုတာ သိရရင် အံ့သြနေမှာပါ။ အခွံမခွာထားတဲ့သခွားသီးမှာ magnesium 14 mg ပါဝင်ပြီး ဒါဟာ အမျိုးသမီးတွေ စားသင့်တဲ့ပမာဏရဲ့ ၄% ဖြစ်ဟာ အမျိုးသားတွေရဲ့ ၃% ဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့မှာ ဗီတာမင်အေ 2310 IU လိုအပ်ပြီး အမျိုးသားတစ်ယောက်ကတော့ 3000 IU လိုအပ်တဲ့အတွက် ဗီတာမင်အေ ဖြစ်တဲ့ beta-carotene ပါဝင်တဲ့ အခွံပါတဲ့သခွားသီးကိုစားသုံးဖို့လိုပါတယ်။

သခွားသီးကို စားသုံးရုံတစ်ခုပဲလား?

မဟုတ်ပါ။အခြားအသုံးပြုစရာနည်းလမ်းတွေအများကြီးရှိပါသေးတယ်။ အသားအရေအတွက် ပေါင်းတင်ချင်လို့ရှိရင် သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်က အမည်းစက်တွေ၊ ဆားဝက်ခြံတွေ၊ ဝက်ခြံတွေပေါ်မှာ မိနစ် ၂၀ လောက်ကပ်ထားပေးရုံ ပြီးပြည့်စုံတဲ့မျက်နှာပိုင်ရှင်ဖြစ်လာမှာပါ။

သခွားသီးကို စားလို့ပဲဖြစ်ဖြစ်၊ ပါးပါးလှီးပြီး မျက်လုံးပေါ်တင်ထားရင်ပဲဖြစ်ဖြစ်၊ မျက်ခွံတွေရောင်တာကို လျော့ပါးစေပြီး မျက်အိတ်တွေကိုလည်း ဖယ်ရှားပေးကာ မျက်လုံးအားကောင်းစေပါတယ်။

ဒါတွေအပြင် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကျဆင်းစေပြီး သွေးဖိအားကိုလည်း ထိန်းညှိပေးပါတယ်။ သွေးအတွင်း သကြားဓာတ်တွေကိုကျဆင်းစေတဲ့အတွက်လည်း ဆီးချိုကို သက်သာပျောက်ကင်းစေပါတယ်။

ဤမျှအရေးပါအရာရောက်ပြီး ကောင်းကျိုးအဖြာဖြာကို ဖြစ်ထွန်းစေတဲ့ ၊ အလွယ်တကူနဲ့ဈေးပေါပေါနဲ့လည်းရတဲ့ သခွားသီးကို အခုပဲ သွားဝယ်ပြီး အသုံးချလိုက်ရအောင်ပါ။

Written by ဖိုးဝဇီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်